THN Public Media Blog သတင်း နိုင်ငံတကာ စစ်ကော်မရှင် ဒီဇင်ဘာ ရွေးကောက်ပွဲကို အာဆီယံက စောင့်ကြည်သူ စေလွှတ်ဖို့ မရှိကြောင်း သတင်းရင်းမြစ်တွေပြော၊ တနိုင်ငံချင်း လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိ
နိုင်ငံတကာ နိုင်ငံရေး

စစ်ကော်မရှင် ဒီဇင်ဘာ ရွေးကောက်ပွဲကို အာဆီယံက စောင့်ကြည်သူ စေလွှတ်ဖို့ မရှိကြောင်း သတင်းရင်းမြစ်တွေပြော၊ တနိုင်ငံချင်း လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိ

KUALA LUMPUR, MALAYSIA - OCTOBER 26: Prime Minister of Malaysia, Anwar Ibrahim (C) chairs the meeting of the 47th ASEAN Summit, Handover Ceremony of the Second Ptotocol to Amend the ASEAN Trade in Goods Agreement (ATIGA) in Kuala Lumpur Convention Center, Kuala Lumpur, Malaysia on October 26, 2025. Malaysia is hosting the 2025 ASEAN Summit starting today October 26 to 28, 2025. (Photo by Farid Bin Tajuddin/Anadolu via Getty Images

အောက်တိုဘာ ၂၇ – ၂၀၂၅

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ အနေနဲ့ မြန်မာ စစ်ကော်မရှင် က ဒီဇင်ဘာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ကြောင်း သံတမန် သတင်းရင်း မြစ်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အမည်မဖော်လိုတဲ့ သံတမန်တဦးက ပြောကြားရာတွင် “ဒါက ဘာကို ဆိုလို သလဲဆိုတော့ အာဆီယံအဖွဲ့ အနေနဲ့ စောင့်ကြည့်သူတွေ မရှိဘူး၊ ဒါပေမဲ့ အာဆီယံနိုင်ငံတွေ ကတော့ နှစ်နိုင်ငံ အလိုက် စောင့်ကြည့်သူတွေ စေလွှတ်ဖို့ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတယ်” လို့ ပြောကြားကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

နောက်ထပ် အမည်မဖေါ်လိုတဲ့ လက်ထောက် သံတမန်တဦး ကလည်း အာဆီယံရဲ့ အဖွဲ့အစည်း နာမည်ကို အသုံးပြုပြီး မစ်ရှင်တခု စေလွှတ်ဖို့ အတွက် အဖွဲ့ဝင်နိုင်ငံတွေ အကြား သဘောတူညီမှု မရှိကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

အာဆီယံကနေ စောင့်ကြည့်လေ့လာသူတွေ မစေလွှတ်တာဟာ “မြန်မာနိုင်ငံရဲ့ အသိအမှတ်ပြုမှု ရရှိရေး ရည်မှန်းချက်တွေကို ထိုးနှက်ချက် တရပ် ဖြစ်စေမှာ သေချာတယ်” လို့ စင်ကာပူအခြေစိုက် Solaris Strategies အကြံပေး ကုမ္ပဏီက နိုင်ငံတကာရေးရာ လေ့လာ သုံးသပ်သူ Mustafa Izzuddin က ပြောကြားပါတယ်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တယ် ဆိုတာကို အကြွင်းမဲ့ အခိုင်အမာ သက်သေပြနိုင်မှာ မဟုတ်ပါဘူး” လို့လည်း သူက ဆိုပါတယ်။

Human Rights Watch အဖွဲ့က ဒီရွေးကောက်ပွဲကို “လှည့်ဖြားမှု” အဖြစ် ရှုတ်ချခဲ့ပြီး၊ Amnesty International ကလည်း စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲဟာ “ဖိနှိပ်တဲ့ နည်းဗျူဟာ” ဖြစ်ပြီး “ရွေးကောက်ပွဲ ဝေဖန်သူတိုင်းကို ဖမ်းဆီးနေတယ်” လို့ စွပ်စွဲ ထားပါတယ်။

ဥရောပသမဂ္ဂ ကော်မရှင်နာ အကြီးအကဲ Kajsa Ollongren ကလည်း ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း ပြောဆိုကာ စောင့်ကြည့်သူ စေလွှတ်မှာ မဟုတ်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

“ဒီစံနှုန်းတွေအပေါ် အခြေခံပြီး၊ ကျွန်မတို့ အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲ ကို စောင့်ကြည့်သူတွေ စေလွှတ်မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားတာပါ။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကလည်း အာဆီယံ အနေနဲ့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ခြင်းအားဖြင့် “စစ်ကောင်စီရဲ့ လှည့်ဖြားမှုကို တရားဝင် ဖြစ်စေအောင်” မလုပ်ဖို့ အစောပိုင်းက တိုက်တွန်းခဲ့ပါတယ်။

နောက်ပြီး လိမ်လည်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းဟာ မြန်မာနိုင်ငံကို နောက်ပြန် ဆုတ်စေမှာ ဖြစ်ပြီး ကာကွယ်လို့ မရတာကို ကာကွယ်ပေးရာ ရောက်လိမ့် မယ်လို့ လည်း သူက သတိပေးခဲ့ပါတယ်။

ref: malaymail

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version