မတ်လ ၁၇ – ၂၀၂၆
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ TNLA တို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲဟာ နမ့်ခမ်းဘက်နဲ့ နီးကပ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မနေ့ မနက်ပိုင်းက TNLA ဘက်က ဂိတ်ဖွင့်ထားတဲ့ နမ့်ခမ်းနဲ့ နမ့်ဖတ်ကာ နယ်နိမိတ် ဖြစ်တဲ့ ၁၂ မိုင် ဖာလင် အထက်မှာ ဒရုန်းနဲ့ လာချနေကြတာ ဖြစ်တယ် လို့ နမ့်ခမ်းဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“အခု လက်ရှိ နမ့်ခမ်းဆေးရုံက ဆရာဝန်ကြီးတွေတောင်မှ သော့ခတ်ပြီး ရှောင်သွားကြပြီလို့ သတင်းထွက်နေပေမယ့် အတိအကျ မသိရသေးဘူး။” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
နမ့်ဖတ်ကာ နဲ့ နမ့်ခမ်းကြားက ဆာလူ၊ မာန်အောင်၊ ဖာလင် ရွာတွေ ဘက်မှာ ရှိတဲ့ TNLA တပ်ဖွဲ့ဝင်တွေက ရှောင်ဆင်း လာတာ တွေ့ရပြီး ၁၃ မိုင် မိုင်ခရိုဝေ့ဗ် ဘက်မှာ ရှိနေတဲ့ TNLA တပ်ဖွဲ့ဝင်တွေကိုလည်း MNDAA တပ်ဖွဲ့ဘက်က မောင်းထုတ်နေတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။
MNDAA တပ်ဖွဲ့က အင်အား အပြည့်ပါတဲ့ ကား ၈ စီး တသုတ်၊ ကား ၁၅ စီးခန့် တသုတ် မနေ့ မတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်း နမ့်ခမ်း လမ်းဘက် ဦးတည်ပြီး နမ့်ဖတ်ကာ ကနေ ဖြတ်သွားတာတွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် MNDAA ဘက်က ကွတ်ခိုင်မြို့ အနီးမှာရှိတဲ့ ဂါလိုင်ရွာဘက် ဦးတည်ပြီး ထိုးစစ်ဆင် တိုက်ပွဲ ဖော်ဆောင်နေကြောင်း ကွတ်ခိုင်ဒေသခံ တွေက ပြောပါတယ်။
လက်ရှိမှာတော့ ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်ဖွဲ့ဝင်တွေ နေရာ ပြန်ယူထားပြီး မြို့ရဲ့ အနောက်ဘက်ခြမ်းမှာတော့ TNLA တပ်ဖွဲ့တွေ နေရာယူထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
MNDAA တပ်ဖွဲ့တွေကတော့ မနေ့ မတ်လ ၁၆ ရက်နေ့က လားရှိုး ဆင်နှစ်ကောင် ဟိုတယ်မှာ စစ်တပ်နဲ့ တွေ့ဆုံ ဆွေးနွေးတာရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ
Crd – VOM
—————————
THN Public Media
