နိုင်ငံတကာ

အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ယူကေဝန်ကြီးချုပ် အပေါ် ထရမ့်က စိတ်မချမ်းသာကြောင်း ပြောကြား

မတ်လ ၁၇ – ၂၀၂၆

ယူကေ ဝန်ကြီးချုပ် ကီယာ စတာမာ က အီရန်အရေးမှာ ဗြိတိန်ကို ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲ ထဲ ဆွဲသွင်းခံမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

အခုလို ပြောကြားချက် အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စိတ်မချမ်းသာ ဖြစ်ရကြောင်း တုန့်ပြန်လိုက်ပါတယ်။

ထရမ့်က နေတိုး မဟာမိတ်နိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေ အနေနဲ့ ဟော်မုဇ်ရေ လက်ကြား လုံခြုံရေး အတွက် ကူညီပေးဖို့ သူ့ရဲ့ တောင်းဆိုချက်ကို ထပ်လောင်းပြောဆိုခဲ့ပြီး၊ ဒီအရေးပါတဲ့ ရေနံ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာ ပါဝင်ကူညီဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ စိတ်အား ထက်သန်မှု မရှိကြတာကို သူအနေနဲ့ အံ့သြမိတယ်လို့ ဆိုပါတယ်။

ဂျာမန်ဝန်ကြီးချုပ် Friedrich Merz ကတော့ ဒီစစ်ပွဲဟာ နေတိုးနဲ့ မသက်ဆိုင်တဲ့ ကိစ္စ လို့ ပြောကြားခဲ့ ပါတယ်။

ဒါပေမဲ့ နေတိုးအဖွဲ့ အနေနဲ့ ကတော့ မဟာမိတ်နိုင်ငံတွေဟာ မြေထဲ ပင်လယ်ဒေသမှာ လုံခြုံရေး တိုးမြှင့် ပေးဖို့ အဆင့်သင့်ဖြစ်နေကြပြီ လို့ တုံ့ပြန်ထားပါတယ်။

အိမ်ဖြူတော်မှာတော့ သမ္မတထရမ့် က သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားရာမှာ အီရန်ရဲ့ ဒုံးကျည် လက်နက် အထောက်အပံ့တွေဟာ အကြီးအကျယ် ဖျက်ဆီးခံလိုက်ရပြီဖြစ်ပြီး၊ စစ်ပွဲ မတိုင်ခင်က ရှိခဲ့တဲ့ ပမာဏရဲ့ အစိတ်အပိုင်း အနည်းငယ်လောက်ပဲ ကျန်တော့တယ်လို့ ပြောပါ တယ်။

စစ်ပွဲအတွင်း အမေရိကန်နဲ့ ပူးပေါင်းဖို့ တွန့်ဆုတ်နေကြတဲ့ ဗြိတိန်နဲ့ နေတိုးအဖွဲ့ဝင် မဟာမိတ် နိုင်ငံတွေ အပေါ် သူက ထပ်မံဝေဖန်လိုက်ပါတယ်။

ကမ္ဘာ့ရေနံစျေးနှုန်းတွေ တက်နေချိန်မှာ ဟော်မုဇ်ရေလက်ကြား လုံခြုံရေး အတွက် အမေရိကန်ရဲ့ အစီအစဉ်မှာ ပါဝင်ကူညီမယ့် နိုင်ငံတချို့ ရှိလာပြီလို့ ထရမ့်က ဆိုပါတယ်။

ဘယ်နိုင်ငံတွေ ဆိုတာ သူက ထုတ်မပြောပေမဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ အမေရိကန်ကို ကူညီသင့်တယ်လို့ ဆိုပါတယ်။

“သိပ်မကြာတော့ပါဘူး” စစ်ပွဲက မကြာခင် ပြီးတော့မှာပါလို့ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ မတ်လကုန်မှာ သွားဖို့ စီစဉ်ထားတဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကိုတော့ တလလောက် ရွှေ့ဆိုင်းဖို့ သူက တောင်းဆိုထား ပါတယ်။

ဒုသမ္မတ ဂျေဒီဗန့်စ် ကတော့ သူနဲ့ သမ္မတကြား သဘောထား ကွဲလွဲအောင် မီဒီယာတွေက ကြိုးစား နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

အီရန်ဟာ နျူကလီးယားစစ်ပွဲ ဆင်နွှဲဖို့ နီးစပ် နေတာကြောင့် အခု စစ်ပွဲကို မဖြစ်မနေ ဆင်နွှဲ ရတာ ဆိုတဲ့ ထရမ့်ရဲ့ အဆိုကို သူက ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတထရမ့်က ဥရောပ မဟာမိတ်တွေကို စိတ်ပျက်နေပုံ ရပြီး အာရှနိုင်ငံတွေ အထူးသဖြင့် ရေနံ အဓိက သုံးတဲ့ ဂျပန်၊ ကိုရီးယား၊ တရုတ် တို့ကို ဝိုင်းကူကြဖို့ ဖိအားပေးနေတာ တွေ့ရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *