ဧပြီ ၂၄ – ၂၀၂၆
စစ်တပ်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရသစ် သမ္မတသစ် ကနေ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ် လိုက်ပြီးနောက်
အမျိုးသား စည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC က လုပ်ငန်းစဉ် ဆွေးနွေးပွဲကို မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
NSPNC ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ရွေးကောက်ခံ အစိုးရ နဲ့ လွှတ်တော်ကိုယ်စားလှယ် တွေ ရှိလာပြီ ဖြစ်တဲ့ အတွက် NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ UPDJC၊ JMC လုပ်ငန်းစဉ်တွေကို ပြန်လည် ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။
NLD အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေမှာ သဘောတူညီထားတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ အစိတ်အပိုင်း ၁ ၊ ၂ ၊ ၃ ပါ သဘောတူညီ ချက် ၇၂ ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တခြားတည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စိစစ် ဆောင်ရွက်ပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားမယ် လို့လည်း ဆိုပါတယ်။
မီဒီယာ ကဏ္ဍကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဒေသ အတွင်းက ပြည်သူ လူထုတွေဆီ ရောက်အောင် ဆောင်ရွက် ရမယ်လို့ ဆွေးနွေးသွားပါတယ်။
NSPNC ဟာ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၇ ဖွဲ့ (7 EAO Alliance)၊ NCA လက်မှတ် မရေးထိုးရသေးတဲ့ ၃ ဖွဲ့တို့နဲ့ လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။
—————————
THN Public Media
