THN Public Media Blog သတင်း နိုင်ငံရေး ‘’NUGနဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့’’ နေပြည်တော်ကို မေးထားကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြော
နိုင်ငံရေး ပြည်တွင်း

‘’NUGနဲ့ စကားပြောချင်တဲ့ ဆန္ဒရှိသလားလို့’’ နေပြည်တော်ကို မေးထားကြောင်း ဗိုလ်ချုပ်ဂွမ်မော် ပြော

ဖေဖေါ်ဝါရီ ၉ – ၂၀၂၆

“ဒီကနေ့အထိ ကျွန်တော်တို့ သွားနေတဲ့မူကတော့ တော်လှန်ရေး အင်အားစုများနဲ့ လက်တွဲတယ်။ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တစ်ဖွဲ့တည်းနဲ့ စကားပြောလို့ မပြီးနိုင်ပါဘူး။ နေပြည်တော်ဟာ NUGနဲ့ စကားပြောချင်တဲ့ ဆန္ဒရှိ သလားလို့ မေးထားပါတယ်။ တစ်ဖွဲ့ချင်းနဲ့ စကားပြောတဲ့ ပုံစံမျိုးကို KIO က လက်ခံမှာ မဟုတ်ဘူးဆိုတာ နိုင်ငံတကာနဲ့ အိမ်နီးချင်း နိုင်ငံများ အားလုံးကို ပြောပြထားပြီးသား ဖြစ်ပါတယ်’’ လို့ ကချင်လွတ်မြောက်ရေး ကောင်စီ (KIC) ဒုဥက္ကဌ-၁ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြောင်း မြစ်ကြီးနားသတင်းဂျာနယ်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန် တက္ကဆက်ပြည်နယ်မှာ ကျင်းပတဲ့ ၆၅ နှစ်မြောက် ကချင် တော်လှန်ရေးနေ့ အခမ်းအနားမှာ ဗိုလ်ချုပ်ဂွမ်မော်က အွန်လိုင်းမိန့်ခွန်း ကနေ အခုလို ထည့်သွင်းပြောကြားသွားတာလို့ ဆိုပါတယ်။

၂၀၂၆ ဟာ အပြောင်းအလဲတွေ အများကြီး ဖြစ်လာမယ့် နှစ်လို့ မျှော်လင့်ထားကြောင်းနဲ့ တောက်လျှောက် ကြိုးစားနေကြောင်းကိုလည်း ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားလေတပ် စခန်းရဲ့ ရေဒါတခု ကို မနေ့က ဖျက်ဆီး ပစ်နိုင်ကြောင်းနဲ့ ဗန်းမော်မှာလည်း တင့်ကား တစ်စီး ပျက်ကြောင်း၊ ဒီ ၂ လထဲ မှာတင် တင့်ကား ၇ စီးလောက် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေ အပေါ်လည်း ဗိုလ်ချုပ်ဂွမ်မော်က

“တရုတ်အစိုးရက တိုက်ပွဲတွေ မဖော်ဆောင်ဖို့ ပြောတယ်။ ကျွန်တော်တို့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖော်ဆောင်ရမှာ ဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ ကျွန်တော်တို့က ရန်သူကို စောင့်ရမယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ အင်အားစုနဲ့ ကချင်ပြည်က တံခါးပေါက် လုံခြုံရေးတော့ သေချာပေါက် လုပ်ရမယ်လို့ ဖေဖော်ဝါရီ ၂ရက်နေ့မှာ ကျွန်တော်တို့ ပြောတယ်။”လို့ ပြောကြောင်း ဖေါ်ပြထား ပါတယ်။

Crd – Myitkyina News Journal

ဓါတ်ပုံ – ပုံဟောင်း

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version