ပြည်တွင်း

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း သဖန်းဆိပ်ဆည် မှာ ရွှေဖောင်မျော လုပ်နေတာတွေကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

နိုဝင်ဘာ ၂၃ – ၂၀၂၅

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ပန်းပရဲအုပ်စု သဖန်းဆိပ်ဆည် မှာ ဒေသခံတွေရဲ့ ဆန္ဒမပါဘဲ NUG လက်အောက်ခံ တာဝန်ရှိသူတွေကနေ စီးပွားရေးသမားတွေကို ရွှေဖောင်မျောပေးလုပ်တာကို ကန့်ကွက်တဲ့ အနေနဲ့ ဒေသခံကျေးရွာတွေ ကနေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒီရွှေမျောလုပ်တဲ့နေရာတွေဟာ ရေကျလို့ မြေပေါ်လာတဲ့ နှစ်တွေမှာ ဒေသခံတွေ ကောက်ပဲသီးနှံ စိုက်ပျိုး လုပ်ကိုင်စားသောက်တဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေ ဖြစ်တယ်လို့ ဆန္ဒပြသူ တဦးက ပြောပါတယ်။

အခုနိုဝင်ဘာ လဆန်းပိုင်းမှာ ဒီနေရာတွေကို သိမ်းယူလိုက်ပြီး ရွှေဖောင်မျော တခုကို တလ ရွှေတကျပ်သားနှုန်းနဲ့ မျောဖောင် ၁၀၀၀ လောက် ကို လုပ်ခွင့် ပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ရွှေမျောတွေ လုပ်လိုက်မယ်ဆိုရင် အဲဒီနေရာတွေဟာ ပျက်စီး သွားပြီး စိုက်ပျိုးလို့ မရတော့ဘူးလို့လည်း သူက ပြောပါတယ်။

တောင်သူတွေရဲ့ခွင်မှာ လုပ်ကိုင်စားသောက်လို့မရတော့ သလို ဒေသခံတွေကို ဆွေးနွေးတိုင်ပင်ခြင်း မရှိဘဲ ရွှေမျောတွေကို လုပ်ကိုင်ခွင့်ပြုလိုက်တဲ့ အတွက် အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆိုင်ရာတာဝန်ရှိသူတွေကို သွားရောက် ဆွေးနွေးပေမယ့်လည်း ‘’ဘာမှ လာမပြောနဲ့ တလ ရွှေ ၁ ကျပ်သား ပေးနိုင်ရင် လုပ်’’ ဆိုတာမျိုး ပြောဆို တယ်လို့ ဆိုပါတယ်။

တောင်သူတွေကတော့ သူတို့စိုက်ပျိုးလုပ်ကွက်တွေကို ဘာမှ တိုင်ပင်တာ မရှိဘဲ သိမ်းယူသွားပြီး ရွှေမျောပေးလုပ်တဲ့အပေါ် သူတို လယ်ယာတွေ ပြန်လိုချင်ကြောင်း ပြောပါတယ်။

သဖန်းဆိပ်ဆည် ပတ်ဝန်းကျင် ရွာ ၄ ရွာ လောက်က ဒေသခံ ၁၂၀ လောက် ဒီကနေ့ ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *