THN Public Media Blog သတင်း War ကပစ ၁၆ အနီး အထိ AA ရောက်ရှိ၊ တိုက်ပွဲပြင်းထန်၊ ကပစ ၁၆ ကျရင် စစ်တပ်ရဲ့ ယမ်းထုတ်လုပ်မှု ပြတ်တောက်နိုင်
War

ကပစ ၁၆ အနီး အထိ AA ရောက်ရှိ၊ တိုက်ပွဲပြင်းထန်၊ ကပစ ၁၆ ကျရင် စစ်တပ်ရဲ့ ယမ်းထုတ်လုပ်မှု ပြတ်တောက်နိုင်

အောက်တိုဘာ ၃၀ – ၂၀၂၅

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အတွင်း စစ်တပ် နဲ့ AA ပူးပေါင်း တပ်တွေကြား တိုက်ပွဲ ဖြစ်ပွားနေရာမှာ လက်ရှိမှာတော့ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ – ၁၆) အနီး အထိ AA တပ်တွေ ရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန် နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်တပ် ကနေ အောက်တိုဘာ ၂၄ ရက်နေ့က စတင်ကာ ကပစ – ၁၆ အနီးရှိ ကာကင်း စခန်းကုန်း တွေကို ပြန်လည် သိမ်းယူနိုင်ဖို့ ထိုးစစ် ဆင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။

“AA ဘက်က စစ်တပ်ရဲ့ ၆၆၆ ပွိုင့်ကုန်းကို ထိန်းချုပ်လိုက်ပြီး အဲဒီနောက်ပိုင်း ကပစ – ၁၆ ယမ်းချက်စက်ရုံကို ထိုးစစ်ဆင်လာတာပေါ့။ အဲဒီစက်ရုံကိုသာ AA က ထိန်းနိုင် မယ် ဆိုရင် စစ်တပ်အတွက် လိုအပ်တဲ့ ပင်မ ယမ်းထုတ်လုပ်မှုကို ဖြတ်တောက် နိုင်သွား မှာပါ။ ဒါကြောင့် ဒီနေရာကို မပေးရဖို့ အတွက် အစိုးရတပ်က လေကြောင်း ကရော၊ မြေပြင်ကနေပါ အပြင်းအထန် ကာကွယ်နေပြီး တန်ပြန် ထိုးစစ်ဆင်နေတာ ဖြစ်တယ်။ ဒါကြောင့် အခုအချိန်အထိ တိုက်ပွဲ ပြင်းထန်နေတုန်းပဲ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

AA အနေနဲ့ ကပစ – ၁၆ (ယမ်းချက်စက်ရုံ) အနီးက စစ်တပ်ရဲ့ ၆၆၆ ပွိုင့်ကုန်းနဲ့ ပဲခူးတိုင်း (အနောက်ပိုင်း)၊ ပန်းတောင်းမြို့နယ် အတွင်းရှိ ကပစ – ၅၊ ၆၊ ၉၊ ၁၆ တပ်တွေနဲ့ သိပ်မဝေးလှတဲ့ ပုဂံကွဲရွာကို ထိန်းချုပ် လိုက်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“အစိုးရတပ်ဘက်က နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးတဲ့ နောက်ပိုင်း တိုက်ပွဲ ဧရိယာတွေ ကျယ်ပြန့်လာချိန်မှာ ကပစ တပ်တွေရဲ့ လုံခြုံရေးပိုင်းကို ပိုပြီး အလေးထား လုပ်ဆောင် လာတာ တွေ့ရတယ်။ လက်ရှိလည်း AA ရဲ့ စစ်ရေးဖိအားနဲ့ နီးကပ်နေတဲ့ ရခိုင်ရိုးမ အစပ်က ကပစ တပ်တွေမှာ ခြေလျင်အင်အားတွေ ဖြည့်တင်းတာ၊ တပ်ပတ်လည်ကို လုံခြုံရေး စနစ်တကျ ပြင်ဆင် လုပ်ဆောင် ထားတာတွေ တွေ့ရတယ်။ အခု စစ်ရေး အခြေအနေက ၂၇ မိုင် ချောင်းခွနဲ့ မသုံလမ်းပိုင်း ဖလိုးချောင်းဖျား တဝိုက်မှာ နေ့တိုင်း တိုက်ပွဲဖြစ်နေတာတွေ ရှိတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ AA ရဲ့ ထိုးစစ်နဲ့ ရင်ဆိုင်နေရတဲ့ ကပစ – ၅၊ ၆၊ ၁၄၊ ၁၆ စက်ရုံတွေဟာ အစိုးရတပ်ရဲ့ စစ်လက်နက် ခဲယမ်းနဲ့ လေကြောင်း ဗုံးထုတ်လုပ်ရေး အတွက် အရေးပါတဲ့ ပင်မ အထောက်အကူပြု တပ်တွေဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ကပစ – ၉ ဟာလည်း စစ်တပ်ရဲ့ တိုက်စွမ်းအားကို ပင်မ အားဖြည့်ပေးနေတဲ့ လက်နက်ငယ်ကျည် ထုတ်လုပ်ရေးတပ် ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလမ်းကြောင်းမှာ ရခိုင်ရိုးမကနေ ဥသျှစ်ပင်ရှိ ကပစ စက်ရုံတွေဘက်ကို ဦးတည်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်က လက်ရှိမှာ ညောင်ကျိုး၊ လေသာတောင်တဝိုက် ပြန်လည်စိုးမိုးမှု ရယူနိုင်ဖို့ စစ်ကူပေးနေရတဲ့ အပြင် ကပစ စက်ရုံတွေ မဆုံးရှုံးရစေရေး အတွက် ကိုလည်း အင်အား ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

အဲဒီလိုပဲ မကွေးတိုင်းအစပ် အမ်း – ပဒါန်း လမ်းပိုင်းရှိ နတ်ရေကန် ဗျူဟာစခန်း ကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ လက်ရှိ ကပစ – ၁၄ အနီးတဝိုက် အထိ ရောက်ရှိနေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version