THN Public Media Blog Sport ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန် ဝင်ခွင့် အပိတ်ခံခဲ့ရတဲ့ ဆိုမာလီ ဒိုင်လူကြီးကို ဖီဖာ က ဒိုင် လုပ်ခလစာငွေ အပြည့်အဝ ပေးမယ်
Sport

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန် ဝင်ခွင့် အပိတ်ခံခဲ့ရတဲ့ ဆိုမာလီ ဒိုင်လူကြီးကို ဖီဖာ က ဒိုင် လုပ်ခလစာငွေ အပြည့်အဝ ပေးမယ်

SANTIAGO, CHILE - OCTOBER 18: Referee Omar Artan gestures during the FIFA U-20 World Cup Chile 2025 third place match between Colombia and France at Estadio Nacional Julio Mart?nez Pr?danos on October 18, 2025 in Santiago, Chile. (Photo by Hector Vivas - FIFA/FIFA via Getty Images

ဇွန် ၁၅ – ၂၀၂၆

ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အမေရိကန်နိုင်ငံထဲ ဝင်ခွင့် ပိတ်ပင် ခံခဲ့ရတဲ့ ဆိုမာလီ ဒိုင်လူကြီး အိုမာ အာတန် ဟာ ဒိုင် မလုပ်ရပေမယ့်လည်း သူ ရသင့်ရထိုက်တဲ့ ဒိုင်လုပ်ခလစာကို အပြည့်အဝကို ရရှိမှာ ဖြစ်ပါတယ်။

ဒိုင်လူကြီး အာတန် ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက မိုင်ယာမီ အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင် တွေရဲ့ ၁၁ နာရီကြာ တရစပ် စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပြီးနောက် သူ့ရဲ့ သံတမန် ပတ်စပို့စ် နဲ့ အမေရိကန် တကြိမ်ဝင်ခွင့် ဗီဇာတို့ကို ပယ်ချကာ နိုင်ငံထဲ ပေးမဝင်နိုင်ကြောင်း အကြောင်းကြားခြင်း ခံခဲ့ရပါတယ်။

အမေရိကန်အစိုးရ အရာရှိတဦးရဲ့ ပြောကြားချက်အရ အာတန် ကို နိုင်ငံထဲ ပေးမဝင်ရတဲ့ အကြောင်းရင်းကတော့ သူဟာ “အကြမ်းဖက် အဖွဲ့အစည်း ဝင်လို့ သံသယရှိရသူတွေနဲ့ ပတ်သက် ဆက်နွှယ်မှု ရှိနေတယ်” ဆိုတဲ့ စွပ်စွဲချက် ကြောင့်လို့ သိရပါတယ်။

ဒိုင်လူကြီး အာတန် ကတော့ နယ်စပ် အရာရှိတွေက သူ့ကို ဆိုမာလီ စစ်သွေးကြွ အဖွဲ့ Al Shabab နဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်းခဲ့ကြတာ ဖြစ်ပြီး၊ သူကတော့ ဒီအဖွဲ့အစည်း အကြောင်း ဘာမှ မသိပါဘူးလို့ ပြန်လည် ဖြေကြားခဲ့ကြောင်း ပြောပါတယ်။

“ကျွန်တော့်မှာ စာရွက်စာတမ်း အထောက်အထား အမှန်အကန်တွေ အကုန်ရှိပါတယ်။ ဗီဇာလည်း အမှန်အကန် ပါပါတယ်” လို့ အာတန်က ဆိုပါတယ်။

“ကျွန်တော်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ လာပြီး ကျွန်တော့် ဘဝရဲ့ အကြီးမားဆုံး အိပ်မက်ကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေတဲ့ သာမန်ဒိုင်လူကြီး တယောက်မျှသာ ဖြစ်ပါတယ်” လို့ သူက ရင်ဖွင့်ခဲ့တာပါ။

အဲဒီနောက် သူ့ကို တူရကီနိုင်ငံဆီ ပြန်မယ့် လေယာဉ်ပေါ် ပြန်တင် ပေးလိုက်ပြီး နောက်မှာတော့ အာတန် ဟာ အစ္စတန်ဘူလ်မြို့မှာ ဖီဖာ အရာရှိတွေရဲ့ ကူညီ စောင့်ရှောက်မှုကို ရရှိခဲ့ပြီး၊ အဲဒီက တဆင့် ဆိုမာလီ နိုင်ငံ မြို့တော် မိုဂါဒစ်ရှူး ကို လေယာဉ်နဲ့ ပြန်လည် ထွက်ခွာခဲ့ပါတယ်။

အာတန် အနေနဲ့ အခုနှစ် ကမ္ဘာ့ဖလားမှာ လုံးဝ ပါဝင်ခွင့် မရတော့ ပေမဲ့လည်း၊ ဖီဖာ ဘက်ကတော့ သူ့ရဲ့ လုပ်ခ လစာ ငွေကို အပြည့်အဝ ပေးအပ်သွားဖို့ ကတိပြုထားတယ်လို့ သိရပါတယ်။

တကယ်တော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်မယ့် ဒိုင်လူကြီး တွေဟာ ပြိုင်ပွဲပြီးဆုံးတဲ့ အထိ သူတို့ အတိအကျ ဘယ်လောက်ရမလဲ ဆိုတဲ့ ပမာဏကို ကြိုတင်မသိရှိကြရပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းက အာဖရိက ဘောလုံးအဖွဲ့ချုပ် CAF ရဲ့ တနှစ်တာ အကောင်းဆုံး အမျိုးသား ဒိုင်လူကြီးဆုကို ရရှိခဲ့တဲ့ အာတန် ဟာ အခုလို ဖြစ်ရပ်ကြုံပြီးနောက် လာမယ့် ဩဂုတ်လ ၁၂ ရက်နေ့ ဩစတြီးယား နိုင်ငံမှာ ကစားမယ့် PSG နဲ့ အက်စတွန်ဗီလာ တို့ရဲ့ ဥရောပစူပါကပ် UEFA Super Cup ပွဲစဉ်ကို ဒိုင်လူကြီးအဖြစ် တာဝန်ယူ ကိုင်တွယ်ဖို့ ဖိတ်ခေါ်ခြင်း ခံထားရပါတယ်။

အမိမြေကို ပြန်လည် ရောက်ရှိချိန်မှာ “ကျွန်တော့်ရဲ့ မိဘပြည်သူတွေနဲ့ တိုင်းပြည်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့တဲ့ အသက် ၃၄ အရွယ် ဒိုင်လူကြီး အာတန် ဟာ လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ သေချာပေါက် ဒိုင်လူကြီးအဖြစ် ပြန်လည်တာဝန် ထမ်းဆောင် မယ်လို့ သန္နိဋ္ဌာန်ချထားတာပါ။

အာတန် ဟာ ပြီးခဲ့တဲ့ ၂၀၂၅ တုန်းကလည်း ဆိုမာလီနိုင်ငံ သမိုင်းမှာ အာဖရိကတိုက် အဆင့် ဗိုလ်လုပွဲတပွဲကို ပထမဆုံး ကိုင်တွယ်ခွင့်ရတဲ့ ဒိုင်လူကြီးအဖြစ် သမိုင်းမှတ်တမ်းကောင်း တခုကို ပိုင်ဆိုင်ထားခဲ့ ပါသေးတယ်။

၂၀၂၅ ခုနှစ် ဇွန်လတုန်းက အာဖရိက ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဒုတိယ အကျော့အဖြစ် ကစားခဲ့တဲ့ Pyramids FC က Mamelodi Sundowns ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကို သူကပဲ ဒိုင်လူကြီးအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ တာပါ။

ဒါ့အပြင် ဖီဖာ ဟာ ချီလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အသက် ၂၀ အောက် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အာတန် ကို ဒိုင်လူကြီးအဖြစ် ခန့်အပ်ခဲ့လို့ သူဟာ တတိယ နေရာလုပွဲ အပါအဝင် ပွဲစဉ် ၃ ပွဲ အထိ တာဝန်ယူ ကိုင်တွယ် ခဲ့ဖူးပါတယ်။

ဒါတင်မကသေးဘဲ သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အာဖရိက နိုင်ငံများ ဖလား AFCON ပြိုင်ပွဲမှာလည်း တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပခဲ့တဲ့ အာဖရိက ဖလားပြိုင်ပွဲမှာလည်း အုပ်စုပွဲစဉ် ၂ ပွဲကို ဒိုင်လူကြီး အဖြစ် ထပ်မံကိုင်တွယ်ခဲ့ဖူးတဲ့ ဝါရင့်ဒိုင်လူကြီး တဦး ဖြစ်ပါတယ်။

ref: bbc sports

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version