THN Public Media Blog သတင်း နိုင်ငံတကာ အမေရိကန်-အီရန် သဘောတူညီချက်ကို သောကြာနေ့မတိုင်ခင် ထရမ့်က ထုတ်ပြန်ပေးနိုင်ဖွယ် ရှိကြောင်း ဂျေဒီဗန့်စ် ပြောကြား
နိုင်ငံတကာ

အမေရိကန်-အီရန် သဘောတူညီချက်ကို သောကြာနေ့မတိုင်ခင် ထရမ့်က ထုတ်ပြန်ပေးနိုင်ဖွယ် ရှိကြောင်း ဂျေဒီဗန့်စ် ပြောကြား

ဇွန် ၁၆ – ၂၀၂၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ အီရန်နဲ့စစ်ပြေငြိမ်းရေး သဘောတူညီချက် စစ်ပွဲကို အဆုံးသတ်ဖို့ ရရှိထားတဲ့ ကနဦး သဘောတူညီချက်ကို လာမယ့် သောကြာနေ့ မတိုင်ခင် ထုတ်ပြန် ပေးဖို့ ဆုံးဖြတ်နိုင်ဖွယ် ရှိတယ်လို့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။

ဒါဟာ သဘောတူညီချက်ကို နှစ်ဘက်စလုံး လက်မှတ်ရေးထိုးပြီးပြီလို့ သမ္မတထရမ့်က ပြောကြားခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာပါ။

ဗန့်စ်ရဲ့ အဆိုအရ အမေရိကန်နဲ့ အီရန်ကြား ရရှိထားတဲ့ ဒီနားလည်မှု စာချွန်လွှာ MOU ဟာ “စာမျက်နှာ တစ်မျက်နှာခွဲ” လောက်ပဲရှိပြီး “ယေဘုယျဆန်ဆန်” ရေးသားထားတဲ့ စာရွက်စာတမ်း တခုပဲ ဖြစ်ပါတယ်။

အမေရိကန် အဆင့်မြင့် အရာရှိတွေကလည်း ဒီသဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက် တချို့ကို စတင်ထုတ် ဖော်ပြောဆိုနေကြပြီး ဂျီနီဗာမြို့မှာ သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးမယ့် လာမယ့် သောကြာနေ့မှာတင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့် ပေးသွား မယ်လို့ သတင်းပေးထားပါတယ်။

ဒီအတောအတွင်းမှာပဲ သမ္မတ ထရမ့်ဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီး အစည်းအဝေးကို တက်ရောက်နေတာပြီး လာမယ့် အင်္ဂါနေ့ မှာတော့ အီဂျစ်၊ ကာတာနဲ့ ယူအေအီး ခေါင်းဆောင်တွေ တက်ရောက်မယ့် အီရန် အရေး သီးသန့် ဆွေးနွေးပွဲကိုပါ ပြုလုပ်သွားမှာပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ တွေ့ဆုံ ဆွေးနွေးစဉ် အတွင်း ထရမ့်က “ကျွန်တော် အလွန်ဝမ်းမြောက်စွာ နဲ့ပဲ ပြောချင်တာကတော့… ဒီအကြိုသဘောတူညီချက်ကို အကုန်လုံး လက်မှတ် ရေးထိုးပြီးသွားပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် အရာရှိတွေရဲ့ ပြောပြချက်အရတော့ ဒီသဘောတူညီချက်ကို ထရမ့်၊ ဗန့်စ်နဲ့ အီရန်လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ် တို့က အွန်လိုင်းကနေ လက်မှတ်ရေးထိုးခဲ့ကြတာလို့ သိရပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်တဲ့ နည်းပညာပိုင်း ဆိုင်ရာ ဆွေးနွေးမှု တွေကိုတော့ ဒီအပတ်ထဲမှာပဲ စတင်နိုင်ဖို့ မျှော်လင့် ထားကြပြီး အီရန်အပေါ် ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့နဲ့ ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှု တွေကို ပြန်ပေးဖို့ ကိစ္စရပ်တွေ ကတော့ ဒီသဘောတူညီချက်ပါ ကတိ ကဝတ် တွေကို အီရန်ဘက်က ဘယ်လောက် အထိ လိုက်နာလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ်။

သောကြာနေ့ အခမ်းအနားအပြီး မကြာခင်မှာ ဒီသဘောတူညီချက်ရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ပေးသွားမယ်လို့ ထရမ့်က အစောပိုင်းမှာ ပြောခဲ့ပေမဲ့ ဒုသမ္မတ ဗန့်စ်ကတော့ သမ္မတအနေနဲ့ သောကြာနေ့ မတိုင်ခင်ကတည်းက တီဟီရန်နဲ့ရထားတဲ့ သဘောတူညီ ချက်ကို ထုတ်ပြန်ပေးဖို့ ဆုံးဖြတ် နိုင်တယ်လို့ Fox News ကို ပြောကြား ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version