Sport

ကမ္ဘာ့ဖလားမှာ ပထမဆုံး အကြိမ် ၁ မှတ် ရလိုက်တဲ့ DR ကွန်ဂို

ပေါ်တူဂီ ၁ : ၁ DR ကွန်ဂို

ဇွန် ၁၇ – ၂၀၂၆

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး သမိုင်းဝင် ပွဲစဉ်တပွဲလို့ ပြောရမယ့် ပေါ်တူဂီ နဲ့ DR ကွန်ဂို တို့ရဲ့ ပွဲစဉ်ဟာ ပရိသတ် တွေကို တကယ်ကို အံ့ဩမှင်သက်သွားစေခဲ့တဲ့ ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

ပွဲမစခင်ကတည်းက သုံးသပ်သူတွေ ပြောခဲ့ကြသလို စီရော်နယ်ဒို ကွင်းထဲမှာ ရှိနေခြင်းက ပေါ်တူဂီအတွက် ကောင်းကွက်ရှိ သလို တဘက်မှာလည်း ကစားကွက် ပုံပျက်စေနိုင်တယ်လို့ ဆိုပါတယ်။

ပေါ်တူဂီကစားသမားတွေဟာ ကွင်းလယ်ကနေ စနစ်တကျ ချိတ်ဆက် ကစားဖို့ထက် ရော်နယ်ဒိုဆီ ဘောလုံး ရောက်အောင် တောင်ပံတွေကို အတင်းဆွဲထွက်ပြီး ဖြတ်တင်ဘော တွေ ပေးဖို့ပဲ အလွန်အမင်း အာရုံစိုက် ခဲ့ကြ ပါတယ်။

နည်းပြအနေနဲ့ ရော်နယ်ဒိုရဲ့ ဂိုးသွင်းဗီဇကို ယုံကြည်လို့ မိနစ် ၉၀ နီးပါး ကွင်းထဲမှာ ထားခဲ့ပေမဲ့၊ သူ ရှိနေခြင်းက လူငယ် ကစားသမားတွေရဲ့ တာဝန်ယူမှုနဲ့ လွတ်လပ်စွာ ဆုံးဖြတ် နိုင်စွမ်းကို သတိမထားမိဘဲ ပိတ်ပင် ထားသလို ဖြစ်ခဲ့ပါတယ်။

အာဖရိကရဲ့ အင်အားကြီး အသင်းဖြစ်တဲ့ DR ကွန်ဂိုဟာ ဒီပွဲမှာ နည်းဗျူဟာ ပိုင်းရော ရုပ်ပိုင်း ဆိုင်ရာပါ အဆင့်မြင့်ကြောင်း သက်သေ ပြသွားခဲ့ပါတယ်။

DR ကွန်ဂိုကစားသမားတွေဟာ ပေါ်တူဂီရဲ့ ကွင်းလယ်ကို ရုပ်ပိုင်းဆိုင်ရာ သန်မာမှု နဲ့ အတူ ပြေးအားကောင်းကောင်းနဲ့ အကောင်းဆုံး တုံ့ပြန် ပိတ်ဆို့ သွားခဲ့ပါတယ်။

သူတို့ဟာ ပေါ်တူဂီဘက်က အားနည်းချက်ကို အမိ အရအသုံးချပြီး၊ အလျင်အမြန် တန်ပြန် တိုက်စစ်တွေနဲ့ ပေါ်တူဂီ နောက်တန်းကို အဆက် မပြတ် ဒုက္ခပေးသွားခဲ့တာပါ။

ပေါ်တူဂီဟာ ကွင်းလယ်မှာ ဘောလုံး အပိုင်ကိုင်ထားနိုင်မှု အသာစီး ရခဲ့တယ် ဆိုပေမဲ့ ထိရောက်တဲ့ ဂိုးသွင်းခွင့် ဖန်တီးမှု အပိုင်းမှာတော့ ကွန်ဂိုရဲ့ စည်းလုံးတဲ့ ခံစစ် တံတိုင်းကို ကျော်ဖြတ်ဖို့ အတော်လေး ရုန်းကန်ခဲ့ရ ပါတယ်။

တိုက်စစ်ပိုင်းမှာ အချင်းချင်း နားလည်မှုလွဲတာတွေနဲ့ ဘောလုံး ဆုံးရှုံး ခံရမှု အကြိမ်ရေ များပြားခဲ့တာဟာ ပေါ်တူဂီ အတွက် အဓိက အကျပ် အတည်း ဖြစ်ခဲ့ပါတယ်။

ဒီပွဲဟာ နာမည်ကြီး ပေါ်တူဂီ အသင်းအတွက် ကမ္ဘာ့ဖလားမှာ လွယ်ကူတဲ့ပွဲ မဟုတ်ကြောင်းနဲ့၊ သူတို့ရဲ့ ကစားကွက်ကို စီရော်နယ်ဒို တဦးတည်း အပေါ် မှီခိုနေရမှု ကနေ လူငယ်တွေ တာဝန်ယူမှု ရှိရှိ ချိတ်ဆက် ကစားနိုင်မယ့် ပုံစံကို ဘယ်လို ပြောင်းလဲ မလဲ ဆိုတာ နည်းပြ ဖြစ်သူ အတော်လေး သင်ခန်းစာ ယူရမယ့် ပွဲစဉ် ဖြစ်ခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *