THN Public Media Blog Sport ကမ္ဘာ့ဖလာ ၄ ကြိမ်ချန်ပီယံ ဂျာမနီက ခြေသစ်အသင်း ကျူရာဆောင်း ကို ၇ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူ တာထွက်
Sport

ကမ္ဘာ့ဖလာ ၄ ကြိမ်ချန်ပီယံ ဂျာမနီက ခြေသစ်အသင်း ကျူရာဆောင်း ကို ၇ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူ တာထွက်

ဇွန် ၁၄ – ၂၀၂၆

ကမ္ဘာ့ဖလား ချန်ပီယံ ၄ ကြိမ်ရ ဂျာမနီအသင်းဟာ ဟူစတန်မြို့မှာ ကစားခဲ့တဲ့ အုပ်စု E အဖွင့်ပွဲစဉ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင် ဝင်ရောက်လာတဲ့ Curacao ကျူရာဆောင်း အသင်းရဲ့ ခဏတာ ခြောက်လှန့်မှုကို ခံခဲ့ရပေမဲ့၊ နောက်ပိုင်းမှာတော့ သူတို့ရဲ့ ကစားကွက် အဆင့်အတန်းကို အမိအရ ဖော်ထုတ်ပြီး အနိုင်ရလဒ်ကို လှလှပပ ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။

ဂျာမနီ ဟာ ပွဲချိန် ၆ မိနစ်မှာတင် Felix Nmecha ရဲ့ ပြင်းထန် လှပတဲ့ ကန်ချက်နဲ့အတူ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အစောဆုံး သွင်းဂိုးကို ရယူပြီး ပွဲကို ဦးဆောင်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ အကျယ်အဝန်းရော လူဦးရေပါ အသေးငယ်ဆုံး နိုင်ငံအဖြစ် မှတ်တမ်းဝင်ထားတဲ့ အသင်းရဲ့ ချေပဂိုး ကြောင့် ဂျာမနီတို့ ခဏတာ ဆွံ့အသွားခဲ့ရပါတယ်။

လူဦးရေ ၁ သိန်းခွဲ ဝန်းကျင်ပဲရှိပြီး ၁၇၁ စတုရန်းမိုင်ပဲ ကျယ်ဝန်းတဲ့ ကာရစ်ဘီယံ ကျွန်းစုနိုင်ငံလေး ဖြစ်တဲ့ ကျူရာဆောင်း ကွင်းလယ်လူ Livano Comenencia ဟာ ပွဲချိန် ၂၁ မိနစ်မှာ ဂိုးဧရိယာ အစပ် ကနေ ဘယ်ခြေနဲ့ ခပ်ပြင်းပြင်းကန်သွင်းခဲ့ရာကနေ ဂျာမနီ ဂိုးသမား (Manuel Neuer မဖမ်းနိုင်ခဲ့ဘဲ ကျူရာဆောင်း အသင်းရဲ့ သမိုင်းဝင်သူရဲကောင်း ဖြစ်သွားခဲ့ပါတယ်။

၁၇ မိနစ်ကြာ သရေဖြစ်နေတဲ့ အခြေအနေကို ဂျာမနီ ဘက်က Nathaniel Brown ရဲ့ ထောင့်ကန်ဘောက တဆင့် Nico Schlotterbeck က ရှေ့တိုင် နားမှာ ခေါင်းတိုက်သွင်းယူပြီး ဦးဆောင်ဂိုး ပြန်လည်ရယူပေးခဲ့ပါတယ်။

ဂျာမနီရဲ့ ဖိအားပေးမှုတွေက ပိုပြီးပြင်းထန်လာခဲ့သလို ပထမပိုင်း အပိုအချိန် ၅ မိနစ်မှာ ဂျာမနီတို့ ပင်နယ်တီ ရရှိခဲ့ပြီး၊ Kai Havertz က အေးအေးဆေးဆေး ကန်သွင်းယူခဲ့လို့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ၈ ကြိမ် တက်ဖူးတဲ့ ဂျာမနီတို့ သက်ပြင်းချနိုင်မယ့် အနေအထား ဖြစ်သွားခဲ့ ပါတယ်။

ဒုတိယပိုင်း ပြန်စလို့ ၆၉ စက္ကန့်အကြာမှာတင် ဂျာမန်ကြယ်ပွင့် Jamal Musiala က Joshua Kimmich ရဲ့ သေသပ်တဲ့ ပေးချက် ကနေ ကန်သွင်း ယူခဲ့ပြီး ပွဲကို အပိုင်ချုပ်ကိုင်မယ့် ဂျာမနီရဲ့ ရည်ရွယ်ချက်ကို ပြသခဲ့ ပါတယ်။

အဲဒီနောက် Brown Undav နဲ့ Havertz တို့ကနေ တဂိုးစီ ထပ်သွင်းပြီး ၇ ဂိုး ၁ ဂိုးနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version