မတ်လ ၂၁ – ၂၀၂၆
စစ်ကိုင်းတိုင်း ၊ ကသာ မြို့နဲ့ မြောင်မြို့နယ်မှာ စစ်တပ်က လေကြောင်း တိုက်ခိုက်လို့ သေဆုံးသူ အများအပြားနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိ ရပါတယ်။
မနေ့က မတ် ၂၀ ရက်နေ့ ၊ မနက်ပိုင်း ၁၁ နာရီကျော် လောက်မှာ ကသာမြို့ ရပ်ကွက် ( ၃) က မဟာလေးထပ် ဘုန်းကြီးကျောင်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ကြောင်း ၊ အဲဒီ တိုက်ခိုက်မှုမှာ သေဆုံးသူ များပြားခဲ့ပြီး ထိခိုက် ဒဏ်ရာရှိသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
” လေးထပ်ကျောင်းက မြို့ထဲလို့ပြောရမှာပေါ့။ အဲဒါနဲ့ ပေ ၃၀၀ လောက်အကွာမှာ ထောင်လည်း ရှိတယ်။ ကျောင်းမှာက အရှေ့ဘက်ကမ်း ကနေ လာနေကြသူတွေလည်းရှိတယ်။ မနေ့က ပစ်ကြ ခတ်ကြ တော့ ပြေးကြလွှားကြရင်း ထပ်ရောက်လာတာလည်း ရှိတယ်သိရတယ်။ တကယ်တော့ မနေ့က တပ်က ကသာ မြိုင်ကျောင်းမှာ ဆွမ်းကပ် ရှိတယ် ဆိုတာကို တောလက်နက်ကိုင်အဖွဲ့တွေက သတင်းရပြီး လာပစ်ကြတာ လို့သိရတယ်။ သဖန်းကိုင်းဘက်လည်း အကုန်ပြေးရတယ်။ သေတာ များတယ် ဆိုပေမယ့် အတိအကျ မသိရသေးဘူး။ ကျောင်းထိုင် ဆရာတော် ကြီးကတော့ ဘေးကင်းတယ် သိရတယ်။ ” လို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးထပ်ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ရသလို သံဃာနဲ့ လူတွေ သေဆုံးခဲ့ရတာ ဖြစ်ကြောင်း ကနဦးသိရှိရပြီး သေဆုံးသူ အရေအတွက်နဲ့ ထိခိုက် ဒဏ်ရာရ အခြေအနေကိုတော့ အတိအကျမသိရှိရသေးပါ။
လက်ရှိ ကသာမြို့မှာက ဆေးရုံဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့ အတွက် ထိခိုက်ဒဏ်ရာရရှိသူတွေအနေနဲ့ ဆေးကုသမယ် ဆိုရင် နီးစပ်ရာ ဆရာဝန်၊ သူနာပြုတွေနဲ့သာ အဆင်ပြေသလို ကုသရမယ့် အခြေအနေ ရှိတယ်လို့ သိရပါတယ်။
မြောင်မြို့နယ်မှာလည်း မနက် ၁၁ နာရီကျော် လောက်က နဘတ်ရွာမှာ လေကြောင်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး တယောက် သေဆုံးကာ ခုနှစ်ယောက်ဒဏ်ရာ ရရှိခဲ့ကာ အိမ်ငါးလုံး ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်းက နှစ်ကြိမ်ဖြစ်တာ။ ရွာက ဆီစက်နားမှာကျပြီး ပေါက်ကွဲတယ်။ တယောက် ပွဲချင်းပြီး သေတယ်။ ဒဏ်ရာရတွေထဲမှာ ပြင်းထန်အဆင့်တွေလည်း ပါတယ်။ သေဆုံး ထပ်တိုးနိုင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မြောင်မြို့နယ် နဘတ်ကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ စံပြ ကျေးရွာကြီး တရွာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းကလည်း လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် နှစ်ယောက် သေဆုံးကာ ငါးယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
Crd – VOM
—————————
THN Public Media
