THN Public Media Blog သတင်း ပြည်တွင်း ကသာမြို့ မြို့ပြင် ပတ်လည် တိုက်ပွဲဆက်
ပြည်တွင်း

ကသာမြို့ မြို့ပြင် ပတ်လည် တိုက်ပွဲဆက်

ဒီဇင်ဘာ ၃၀ – ၂၀၂၅

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကသာမြို့ မြို့ပြင် ပတ်လည်မှာ ဒီဇင်ဘာလ ၂၈ ရက် ကနေ ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ အထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တိုက်ပွဲ ဖြစ်တာက မြို့ပြင် ပတ်လည်မှာဖြစ်နေတာပါ။ မြို့တွင်းထဲတော့ ဒီနေ့ထိ တိုက်ပွဲမရှိသေးပါဘူး။” ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ကသာမြို့ကို ဒီဇင်ဘာလ (၂၉) ရက် ည ၉နာရီ ၄၅ မိနစ် က ကသာ တောင်အရပ်က ဝင်လာတဲ့ လေယာဥ်ပေါ်ကနေ ဗုံးအလုံးပေါင်း ၅၀ နီးပါး ပစ်ချတာ ကြားရတယ်လို့ ကသာမြို့ခံက ပြောပါတယ်။

လူ‌ တွေ၊ ‌ထိခိုက်တာ ရှိနိုင်ပေမယ့် ဖုန်းလိုင်းတွေ ခက်ခဲနေတာမို့ သတင်း အတိအကျ ရနိုင်ဖို့ မလွယ်ကူနိုင်သေးပါ။

မြို့ပတ်ပတ်လည် ပစ်ခတ်သံတွေကြားနေရပြီး မြို့အထွက် လမ်းပိတ် ထားတာကြောင့် မြို့ထဲက လူတွေကတော့ လမ်းပွင့်ရင် မြို့ကနေထွက် ကြမယ့်သူတွေ၊ မြို့အထွက် လမ်းတွေ ပိတ်နေ တာရှိသလို တိုက်ပွဲ ဧရိယာ ဖြစ်နေလို့ အခြေအနေ စောင့်ကြည့်နေသူတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

မဖြစ်မနေ ထွက်ရမယ် ဆိုရင် ထွက်ကြမှာ ဖြစ်ပေမယ့် ကလေးသူငယ် သက်ကြီးရွယ်အိုတွေနဲ့ အရမ်းအေးလို့ လမ်းကြော မသေချာပဲနဲ့ မစွန့်စား ချင်ကြသလို စစ်ရှောင်ကာလ စားဖို့သောက်ဖို့ စရိတ် အခက်အခဲ ရှိကြလို့ ကြိုတင် မတိမ်းရှောင်နိုင်ပဲ အခြေအနေ စောင့်ကြည့်နေကြသူတွေလည်း အများအပြား ရှိနေတယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲ နဲ့ နီးတဲ့ မြို့စွန် ဒေသခံ တချို့က တိုက်ပွဲနဲ့ နည်းနည်းဝေးတဲ့ ဘုန်းကြီးကျောင်းတွေမှာ ရှောင်တိမ်း ခိုလှုံ နေကြတယ်လို့ ဆိုပါတယ်။

“ဒီနေ့ နေ့လယ်ပိုင်းအထိ မြို့ပေါ် ငြိမ်နေဆဲပါ။ မြို့စွန်တွေဘက်တော့ ပစ်ခတ်သံတွေ ကြားနေရတယ်။ မနေ့ကလည်း တနေကုန် ပစ်လိုက် ငြိမ်လိုက်ပဲ။ မနေ့ညပိုင်းကတော့ မြို့ပတ်လည် လေယာဉ် ဗုံးကြဲတာ ရှိတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

ဒီနေ့ မနက် ဒီဇင်ဘာ (၃၀) ရက် မနက် ၁၀ နာရီမှာလည်း ဂျက်ဖိုက်တာ တစီးလာခဲ့ပြီး ကသာမြို့ အထက်ဘက်ကို ဗုံး၂လုံး၊ ကသာမြို့ထွက် တနေရာကို တလုံးကြဲ သွားတယ်လို့ နောက်တယောက်ကပြောပါတယ်။

ရပ်ကွက် ၉ သံလမ်းနား တဝိုက်က ဒေသခံတွေကို ရှောင်ခိုင်းလို့ မြို့ထဲ ပြေးလာကြတာရှိပြီး သဖန်းကိုင်း က‌နေ ရှောင်တိမ်းထွက်ခွာလာတဲ့ ဒေသခံ အများစု ကျောက်ပုံ ဝန်းကျင်မှာ ပိတ်မိနေတာရှိပေမယ့် လမ်းပြန်ပြန်ဖွင့် ပေးတာရှိကာ မြို့ထဲ ကနေ ထွက်သွားပြီးရင် မြို့ထဲ ပြန်အဝင်မခံတော့ဘူးလို့ သိရတယ်လို့ သူက ပြောပါတယ်။

အရှေ့ဘက်ကမ်းနဲ့ ကသာဘက် မြစ်ကူးလမ်းကြောင်းတွေ အားလုံး ပိတ်ထားဆဲ ဖြစ်ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျန်တောရွာဘက် မီးခိုး အလိပ်လိုက် တွေ့မြင်နေရကာ စိုးရိမ်ရ သလို နတ်ရေတွင်းဘက်လည်း အခြေအနေ မကောင်းဘူး လို့ ဒေသခံတွေက ပြောပါတယ်။

ကသာမြို့ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က စလို့ PDF နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ စတင် ထိုးစစ်ဆင် တိုက်ခိုက် လာတာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version