မတ်လ ၈ – ၂၀၂၆
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသားတွေ အပေါ် လိမ်လည်မှုတွေ ကျူးလွန်နေတဲ့ ကျားဖျန့် အွန်လိုင်း ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ မတ်လ ၆ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
(မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖျန့်ဂိုဏ်းတွေကို အဓိက ရည်ညွှန်းထားတယ်လို့ ယူဆရတဲ့) ဒီ အမိန့်မှာ ကျားဖျန့်ဂိုဏ်းတွေကို တိုက်ဖျက်ချေမှုန်းရေး အစီအစဥ် တခုကို ရက်ပေါင်း ၁၂၀ အတွင်း သမ္မတ ထံ တင်ပြရမယ်လို့ ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု အနေနဲ့ အမေရိကန်ပြည်သူတွေ အပေါ် တိုက်ခိုက်မှုတွေကို ဥပဒေ စိုးမိုးရေး၊ သံတမန်ရေး နဲ့ လိုအပ်ပါက တိုက်စစ်ဖွင့် တုံ့ပြန်မှုတွေ အပါအဝင် ထိုက်တန်တဲ့ တုံ့ပြန်မှုတွေနဲ့ တန်ပြန်သွားမယ်လို့ ဖေါ်ပြထားပါတယ်။
အပိုင်း ၅ ပိုင်းပါ ဒီအမိန့်မှာ မူဝါဒ၊ ကျားဖျန့်တိုက်ဖျက်ခြင်း၊ ခံရသူတွေကို ပြန်လည်ကုစားခြင်း၊ နိုင်ငံတကာနဲ့ ချိတ်ဆက်ဆောင်ရွက်ရေး နဲ့ အထွေထွေ ကဏ္ဍဆိုပြီး ပါဝင်ပါတယ်။
–
#သမ္မတထရမ့်ရဲ့ အမိန့် ကြေညာချက် အပြည့်အစုံ
————————————
“အမေရိကန်နိုင်ငံသားများအပေါ် ကျူးလွန်နေသော ဆိုက်ဘာရာဇဝတ်မှု၊ လိမ်လည်မှုနှင့် အမြတ်ထုတ် သည့် ဂိုဏ်းများကို တိုက်ဖျက်ခြင်း”
အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများက သမ္မတဖြစ်သူ ကျွန်ုပ်အား အပ်နှင်းထားသော လုပ်ပိုင်ခွင့် အာဏာအရ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်။
–
အပိုင်း (၁) ရည်ရွယ်ချက်နှင့် မူဝါဒ
————————–
ဆိုက်ဘာရာဇဝတ်မှု၊ လိမ်လည်မှုနှင့် အမြတ်ထုတ်သည့် ဂိုဏ်းများသည် အမေရိကန်မိသားစုများ တစ်သက်လုံး စုဆောင်းထား သမျှကို ခိုးယူနေကြပြီး နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် အကျိုး အမြတ် များကို လုယူကာ ကျွန်ုပ်တို့ လူငယ်များ၏ ဘဝကို ဖျက်ဆီးနေကြသည်။
Ransomware၊ Malware များအသုံးပြုခြင်း၊ Phishing ပြုလုပ်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ လိမ်လည် ခြင်း၊ Sextortion ဟုခေါ်သော လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ငွေတောင်းခြင်းနှင့် အခြားသော ငွေညှစ်မှုများ၊ သူတပါးအမည်ခံ၍ လိမ်လည်ခြင်းစသည့် လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့ထဲမှ အကာအကွယ် အမဲ့ဆုံး သူများကို ပစ်မှတ်ထားသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ (TCOs) က စနစ်တကျ လုပ်ဆောင်နေသည့် လုပ်ရပ်များ ဖြစ်သည်။
ဖြစ်ရပ်အတော်များများတွင် နိုင်ငံခြားအစိုးရများသည် ဆိုက်ဘာ ရာဇဝတ်မှုနှင့် အမြတ်ထုတ်သည့် လုပ်ငန်းများကို သိလျက်နှင့် ဖြစ်စေ၊ မသိကျိုးကျွန်ပြု၍ဖြစ်စေ ထောက်ခံပေးနေကြပြီး၊ ခိုးယူ ထားတဲ့ သူတပါး အချက်အလက်တွေ၊ ခြိမ်းခြောက် အကျပ်ကိုင်မှု၊ အဓမ္မစေခိုင်းမှု၊ လူကုန်ကူးမှု များဖြင့် မှောင်ခိုစီးပွားရေးတခုကို ဖန်တီးနေကြသည်။
အမေရိကန်ပြည်သူများကို ထိုခြိမ်းခြောက်မှုများမှ ကာကွယ်ရန်နှင့် ကျွန်ုပ်တို့၏ ဘဏ္ဍာရေးနှင့် ဒစ်ဂျစ်တယ် စနစ်များကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန်မှာ အမေရိကန်ပြည်ထောင်စု၏ မူဝါဒ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် အမေရိကန်ပြည်သူများ အပေါ် တိုက်ခိုက်မှုများကို ဥပဒေစိုးမိုးရေး၊ သံတမန်ရေးနှင့် လိုအပ်ပါက တိုက်စစ်ဖွင့် တုံ့ပြန်မှုများ အပါအဝင် ထိုက်တန်သော တုံ့ပြန်မှုများဖြင့် တန်ပြန်သွားမည် ဖြစ်သည်။
ထို့အပြင် ဤရာဇဝတ်မှုများကြောင့် နစ်နာသူများကို ကူညီပံ့ပိုးရန်၊ လူထု သတိပေးချက်များကို တိုးမြှင့်ရန်နှင့် အမေရိကန်ပြည်သူများ အပေါ် အမြတ်ထုတ်ခြင်းနှင့် ဒုက္ခပေးခြင်းများကို အဆုံးသတ် နိုင်ရန် အန္တရာယ် အရှိဆုံးသူများကို ကာကွယ်ပေးရန်မှာ အမေရိကန်ပြည်ထောင်စု၏ မူဝါဒ ဖြစ်သည်။
–
အပိုင်း (၂) အွန်လိုင်းငွေလိမ် စခန်းများနှင့် ဆိုက်ဘာရာဇဝတ်မှုများကို တိုက်ဖျက်ခြင်း
(က) နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ စစ်ဘက်ဆိုင်ရာဝန်ကြီး (Secretary of War)၊ ရှေ့နေချုပ် နှင့် ပြည်ထဲရေး လုံခြုံရေးဝန်ကြီးတို့သည် အမျိုးသားဆိုက်ဘာညွှန်ကြားရေးမှူးရုံးနှင့် တိုင်ပင်ပြီး သမ္မတ၏ လက်ထောက်နှင့် ပြည်ထဲရေး လုံခြုံရေးအကြံပေး (APHSA) နှင့် ပူးပေါင်း ကာ အောက်ပါတို့ကို လုပ်ဆောင်ရမည်။
(၁) ဤအမိန့်ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း အမေရိကန်ပြည်သူများအပေါ် ဆိုက်ဘာ နည်း ပညာသုံး ရာဇဝတ်မှုများ လုပ်ဆောင် နေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို အကောင်းဆုံး တိုက်ဖျက်နိုင်ရန် လက်ရှိ ဆောင်ရွက်နေသော စစ်ဆင်ရေး၊ နည်းပညာ၊ သံတမန်ရေး နှင့် စည်းမျဉ်းစည်းကမ်း ဆိုင်ရာ မူဘောင်များကို မည်သို့ တိုးတက်အောင် လုပ်ဆောင် နိုင်မလဲဆိုသည်ကို ပြန်လည်သုံးသပ်ရမည်။
(၂) ဤအမိန့်ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း ပြန်လည် သုံးသပ်ချက် ရလဒ်များကို အသုံးပြု၍ အွန်လိုင်းငွေလိမ် စခန်းများနှင့် ဆိုက်ဘာရာဇဝတ်မှုများ အတွက် တာဝန်ရှိသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို ဖော်ထုတ်ရန်နှင့် ထိုဂိုဏ်းများကို ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ စုံစမ်း စစ်ဆေးခြင်းနှင့် အမြစ်ပြတ် ချေမှုန်းခြင်းတို့ အတွက် လုပ်ငန်းစီမံချက် တစ်ခုကို APHSA မှတစ်ဆင့် သမ္မတထံ တင်ပြရမည်။
ဤလုပ်ငန်းစီမံချက်တွင် အမျိုးသားညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန (NCC) အတွင်း၌ စစ်ဆင်ရေး အဖွဲ့ငယ် (Operational Cell) တစ်ခု ဖွဲ့စည်းရန် ထည့်သွင်းရမည်ဖြစ်ပြီး၊ ထိုအဖွဲ့သည် အမေရိကန် နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းများ၊ အရေးကြီး အခြေခံအဆောက်အအုံများ သို့မဟုတ် ပြည်သူ့ဝန်ဆောင်မှုများကို ပစ်မှတ်ထားသည့် နိုင်ငံခြား ရာဇဝတ်ဂိုဏ်းများနှင့် ၎င်းတို့၏ ကွန်ရက်များ ကို ထောက်လှမ်းရန်၊ နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် အတွက် ဖက်ဒရယ်အစိုးရ၏ ကြိုးပမ်းမှုများကို ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ရှိမည်ဖြစ်သည်။
(ခ) အဆိုပါ စီမံချက်တွင် ရှေ့နေချုပ်နှင့် ပြည်ထဲရေးလုံခြုံရေးဝန်ကြီးတို့သည် စစ်ဘက်ဆိုင်ရာ ဝန်ကြီး၏ ပံ့ပိုးမှုဖြင့် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းများကို ခြေရာခံခြင်းနှင့် နှောင့်ယှက်ဖျက်ဆီးခြင်းများ ပိုမို အားကောင်းစေရန်အတွက် သက်ဆိုင်ရာ နည်းပညာစွမ်းရည်များ၊ ခြိမ်းခြောက်မှုဆိုင်ရာ သတင်း အချက်အလက်များနှင့် ပုဂ္ဂလိက ဆိုက်ဘာလုံခြုံရေးကုမ္ပဏီများမှ အချက်အလက်များကို မည်သို့ အသုံးပြုမည်နည်းဆိုသည်ကို ဖော်ပြရမည်။
(ဂ) စီမံချက်နှင့် NCC စစ်ဆင်ရေး အဖွဲ့တွင် ဖက်ဒရယ် အစိုးရ တရပ်လုံး၌ သတင်းအချက်အလက် မျှဝေခြင်း၊ စစ်ဆင်ရေး ညှိနှိုင်းခြင်းနှင့် လျင်မြန်စွာ တုံ့ပြန်ခြင်းတို့ကို တိုးမြှင့်ရန် လုပ်ဆောင်ချက် များ ပါဝင်ရမည် ဖြစ်ပြီး နိုင်ငံခြားမှ လာသော ဆိုက်ဘာ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် လက်ရှိ ဥပဒေ စိုးမိုးရေး မူဘောင်များနှင့် ကိုက်ညီရမည်။
(ဃ) ရှေ့နေချုပ်သည် အွန်လိုင်း ငွေလိမ်စခန်းများနှင့် Sextortion အစီအစဉ်များ အပါအဝင် ဆိုက်ဘာ လိမ်လည်မှုများတွင် ပါဝင်သူများကို တရားစွဲဆိုရန် ဆက်လက် ဦးစားပေးရမည် ဖြစ်ပြီး ထိုသို့သော လိမ်လည်မှုများတွင် အပြင်းထန်ဆုံးနှင့် သက်သေပြနိုင်သော ပြစ်မှုများကို ထိရောက်စွာ အရေးယူရမည်။
(င) ဥပဒေက ခွင့်ပြုထားသည့် အမြင့်ဆုံး အနေဖြင့် ပြည်ထဲရေးလုံခြုံရေးဝန်ကြီးသည် NCC နှင့် ပူးပေါင်းကာ ပြည်နယ်၊ ဒေသန္တရနှင့် နယ်မြေခံ မိတ်ဖက်အဖွဲ့အစည်းများကို နည်းပညာ အကူအညီနှင့် သင်တန်းများပေးခြင်း၊ သတင်းအချက်အလက် မျှဝေခြင်းနှင့် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုမှ ကာကွယ်နိုင်ရန် အရေးကြီး အခြေခံအဆောက်အအုံများကို ခိုင်မာအောင် လုပ်ဆောင်ခြင်း တို့ကို ဆောင်ရွက်ရမည်။
အပိုင်း (၃) နစ်နာသူများအား ပြန်လည်ကုစားရေး အစီအစဉ်
ဤအမိန့်ထုတ်ပြန်သည့် နေ့မှ ရက်ပေါင်း ၉၀ အတွင်း ရှေ့နေချုပ်သည် နစ်နာသူများအား ပြန်လည် ကုစားရေး အစီအစဉ် (Victims Restoration Program) တည်ထောင်ရန်နှင့် ပတ်သက်သည့် အကြံပြုချက်ကို APHSA မှတစ်ဆင့် သမ္မတထံ တင်ပြရမည်။
ဤအစီအစဉ်သည် ရာဇဝတ်ဂိုဏ်းများထံမှ ပြန်လည်သိမ်းဆည်း ရမိသော သို့မဟုတ် ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းယူထားသော ရန်ပုံငွေများထဲမှ ဆိုက်ဘာလိမ်လည်မှု ခံရသူများကို ဥပဒေနှင့် အညီ ပြန်လည်ပေးလျော်ရန် သို့မဟုတ် ကုစားပေးရန် ရည်ရွယ်သည်။
အပိုင်း (၄) နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း
နိုင်ငံခြားရေးဝန်ကြီးသည် NCC နှင့် ညှိနှိုင်းကာ ၎င်းတို့၏ နိုင်ငံအတွင်း လှုပ်ရှားနေသော နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို အရေးယူရန်နှင့် အမေရိကန် ဥပဒေစိုးမိုးရေး အဖွဲ့များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားအစိုးရများကို တောင်းဆိုရမည်။
နိုင်ငံခြားရေးဝန်ကြီးသည် ထိုသို့သော အမြတ်ထုတ်သည့် လုပ်ရပ်များကို ခွင့်ပြုထားသည့် နိုင်ငံများအနေဖြင့် အမေရိကန်၏ နိုင်ငံခြားအကူအညီများ ကန့်သတ်ခံရခြင်း၊ ပစ်မှတ်ထား ပိတ်ဆို့အရေးယူခံရခြင်း၊ ဗီဇာကန့်သတ်ခံရခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ အရေးယူခံရခြင်းတို့နှင့် ရင်ဆိုင်ရစေရန် လိုအပ်သည့် ခြေလှမ်းများကို လုပ်ဆောင်ရမည်။
ထို့အပြင် ထိုလိမ်လည်မှုများတွင် ပါဝင်ပတ်သက်နေသော နိုင်ငံခြားအရာရှိများနှင့် သံတမန်များကို အမေရိကန်ပြည်ထောင်စုမှ ချက်ချင်းနှင်ထုတ်ရန်အထိ လုပ်ဆောင်ရမည်။
နိုင်ငံခြားရေးဝန်ကြီးသည် ဤလုပ်ဆောင်ချက်များကို မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ထိုသို့သော ရာဇဝတ်မှုများကို ခွင့်ပြုထားသည့် နိုင်ငံများအပေါ် ပိုမိုပြင်းထန်သော အကျိုးဆက်များ ဖြစ်ပေါ်စေရမည်။
အပိုင်း (၅) အထွေထွေ ပြဋ္ဌာန်းချက်များ
ဤအမိန့်ပါ မည်သည့်အချက်ကမျှ အမှုဆောင်ဌာန သို့မဟုတ် အေဂျင်စီတစ်ခုခု၏ အကြီးအကဲထံ ဥပဒေအရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ထိခိုက်စေခြင်း မရှိစေရ။
ဤအမိန့်ကို တည်ဆဲဥပဒေများနှင့်အညီ အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ရန်ပုံငွေရရှိနိုင်မှု ပေါ်တွင် မူတည်သည်။
ဤအမိန့်သည် အမေရိကန်ပြည်ထောင်စု၊ ၎င်း၏ ဌာနများ သို့မဟုတ် ဝန်ထမ်းများအပေါ် မည်သည့် ပုဂ္ဂိုလ်ကမျှ တရားဥပဒေကြောင်းအရ အခွင့်အရေး သို့မဟုတ် အကျိုးခံစားခွင့် တောင်းဆိုရန် ရည်ရွယ်ခြင်း မဟုတ်ပါ။
ဤအမိန့်ကို ထုတ်ပြန်ကြေညာခြင်းအတွက် ကုန်ကျစရိတ်များကို ပြည်ထဲရေးလုံခြုံရေး ဝန်ကြီးဌာနက ကျခံရမည်။
ဒေါ်နယ် ဂျေ ထရမ့်
—————————
THN Public Media
