THN Public Media Blog သတင်း ပြည်တွင်း ကျားဖျန့် လုပ်ကိုင်သူလို့ ယူဆရသူ ၄ ဦး သောင်ရင်းမြစ်ထဲ ရေနစ်သေဆုံး
ပြည်တွင်း

ကျားဖျန့် လုပ်ကိုင်သူလို့ ယူဆရသူ ၄ ဦး သောင်ရင်းမြစ်ထဲ ရေနစ်သေဆုံး

အောက်တိုဘာ ၂၅ – ၂၀၂၅

မြဝတီမြို့ ကနေ သောင်ရင်းမြစ်ကူးပြီး ထိုင်းနိုင်ငံ ဘက်ခြမ်းကို ဝင်ရောက်ဖို့ ကြိုးစား တယ်လို့ ယူဆရပြီး ကျားဖျန့် လုပ်ကိုင်တယ်လို့လည်း ယူဆရတဲ့ နိုင်ငံခြားသား ၄ ဦး သောင်းရင်းမြစ်ထဲ ရေနစ် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြဝတီ ဒေသခံတွေဆီက သိရပါတယ်။

သောင်ရင်းမြစ် အတွင်း ရုပ်အလောင်းတွေ မျောနေတာကို အောက်တိုဘာ ၂၄ ရက်နေ့ မှာ ဒေသခံတွေက မြင်တွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” အရင်ရက်ကတည်းကသေတာဖြစ်လောက်မယ်။ အရင်ရက် KK Park ကို တပ်က ဝင်စီးတော့ ထိုင်းဘက်ကို ကမ်းကူးပြေးရင်း ရေနစ် သေတာဖြစ်ဖို့များတယ်။ တယောက်ဆိုရင် တက်တူးအပြည့်ရှိတာ တွေ့ရတယ်။ ဘယ်နိုင်ငံက လူတွေလည်း ဆိုတာတော့မသိဘူး။ ဒီတိုင်းမျောနေတာပဲတွေ့ရတယ်။ ကျားဖြန့်သမားတွေ မြဝတီမှာ အလုပ်ဖြစ်နေတယ်။ ဖုန်းတွေ အလုအယက်ရောင်းနေကြတယ်။” လို့ မြို့ခံ တယောက်ကပြောပါတယ်။

သောင်ရင်းမြစ်အတွင်း ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် တွေကိုတော့ ဒေသခံတွေ အနေနဲ့ မသိရှိရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ မြဝတီမြို့ကို ထွက်ပြေးလာတဲ့ ကျားဖျန့် သမားတွေ ထဲကနေ သောင်ရင်းမြစ် ကူးပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ နိုင်ငံခြားသား ကျားဖျန့် သမား ၁၀၀၀ ကျော် အထိရှိပြီး မြဝတီမြို့မှာလည်း သက်ဆိုင်ရာ ကနေ ကျားဖျန့် သမားတချို့ကို ခေါ်ယူ ထိန်းသိမ်းမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။

အခုထိ မြဝတီမြို့ပေါ်မှာ သွားလာလှုပ်ရှား နေတဲ့ နိုင်ငံခြားသား ကျားဖျန့် သမားတွေ ရှိနေသေးကြောင်း ၊ တချို့နိုင်ငံသားတွေက ဇာတိနိုင်ငံကို မပြန်လိုဘဲ အလုပ်အသစ် တခုရှာပြီးသာ အလုပ်လုပ်လိုကြတာမျိုးလည်း ရှိတယ်လို့ ဒေသခံ ပြောပြချက် အရ သိရပါတယ်။

ကျားဖျန့် လုပ်ငန်းတွေလုပ်ကိုင်တဲ့ KK park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးမှု ပြုလုပ်ပြီးနောက် အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စလို့ တရုတ် ကျားဖျန့်တွေ ဦးစီး လုပ်ကိုင်တဲ့ AA ဆိုက် အားလုံးမှာ ရှိတဲ့ ကျားဖျန့် သမားတွေဟာ မြဝတီမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – CJ / ထိုင်းရဲတပ်ဖွဲ့

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version