THN Public Media Blog သတင်း နိုင်ငံရေး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရေး အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ အဓိကရပ်တည်ချက် (၄) ရပ် ထုတ်ဖော်
နိုင်ငံရေး

အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရေး အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ အဓိကရပ်တည်ချက် (၄) ရပ် ထုတ်ဖော်

အောက်တိုဘာ ၂၅ – ၂၀၂၆

မြန်မာနိုင်ငံမှာ စစ်တပ် ကျင်းပမယ့် ဒီဇင်ဘာရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ သဘောထားကို ဒီကနေ့ ထုတ်ဖေါ် ပြောကြား ရာမှာ အားလုံးပါဝင်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အပါအဝင် အချက် ၄ ချက်ကို ထုတ်ဖေါ် ပြောဆိုသွားပါတယ်။

ဒီကနေ့ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ (KLCC) မှာ ကျင်းပတဲ့ (၄၇) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ် ထိပ်သီး အစည်းအဝေးတွေ မတိုင်မီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီး သတင်းစာရှင်းလင်းပွဲမှာ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Nikorndej Balankura က သတင်းတွေကို အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက် (၄) ရပ်

၁. လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်၊ မြန်မာနိုင်ငံမှာ အားလုံးပါဝင်တဲ့ ဆွေးနွေးမှု နဲ့ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ကို ဦးတည်တဲ့ လမ်းကြောင်းတခု မရှိမဖြစ်လိုအပ်။

၂. အားလုံးပါဝင်ပြီး တရားမျှတတဲ့ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရန်၊

ရွေးကောက်ပွဲပြီးတဲ့နောက်မှာ လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရဲ့ တစိတ်တပိုင်း အဖြစ် တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်လက် ထိန်းသိမ်း ထားရန်၊

၃. အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူတွေ နဲ့ အာဆီယံ ပြင်ပမိတ်ဖက်တွေ အကြား အပြုသဘောဆောင်တဲ့ ထိတွေ့ ဆက်ဆံမှု ကို မြှင်တင်ရာမှာ ထောက်ခံကူညီရန်၊

၄. မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ယန္တရား ကို ထိရောက်မှု ရှိရှိ နဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုကို မြှင့်တင်ရန်။

———————–

မြန်မာနိုင်ငံ ရွေးကောက်ပွဲမှာ အားလုံးပါဝင်ပြီး ပွင့်လင်မြင်သာဖို့ လိုအပ်ကြောင်းအပြင် ရွေးကောက်ပွဲဟာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ကြောင်းလည်း Nikorndej Balankura က အလေးထား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ ပြည်တွင်းဆုံးဖြတ်ချက် အဖြစ် ထိုင်းနိုင်ငံ က ရှုမြင်ပေမယ့်လည်း လာမည့်ရွေးကောက်ပွဲမှာ တတ်နိုင်သမျှ အားလုံး ပါဝင်မှု ရှိစေရေး မြန်မာနိုင်ငံ နဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီး ကြောင်း သူက မှတ်ချက်ပြု ပြောဆိုပါတယ်။

အဲဒီလို ထိတွေ့ဆက်ဆံရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ လေ့လာသူတွေ စေလွှတ်တာ လည်း ပါဝင်သင့်ကြောင်း သူက ပြောပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ ရွေးကောက်ပွဲ လေ့လာသူတွေ စေလွှတ်တာကို ထောက်ခံကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“ဒါပေမယ့်လည်း လေ့လာခြင်းဆိုသည်မှာ ထောက်ခံတာမျိုး မဟုတ်ဘူး ဆိုတာ သတိပြုရပါ့မယ်။ လေ့လာခြင်းဆိုတာ ပွင့်လင်းမြင်သာမှု၊ အားလုံး ပါဝင်မှုနဲ့ ရွေးကောက်ပွဲရဲ့ ဘေးကင်းလုံခြုံမှုကို သေချာစေဖို့ အတွက် လိုအပ် နိုင်တာကို ဆိုလိုတာဖြစ်ပြီး၊ ရွေးကောက်ပွဲ ကို အသိအမှတ် ပြုခြင်းနဲ့ မသက်ဆိုင်ပါဘူး” လို့ လည်း သူကပြောဆိုသွားပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သက်တမ်း တိုးခြင်း နဲ့ ပတ်သက်ပြီး အစည်းအဝေးက အပြီးသတ် ဆုံးဖြတ်နိုင်ခြင်း မရှိသေးကြောင်း Nikorndej က ပြောကြားခဲ့ပါတယ်။

“ဒါက နောက်ထပ် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ရဦးမှာပါ၊ ဒါပေမဲ့ ယေဘုယျ အားဖြင့်တော့ ဒီအယူအဆကို အများစုက ထောက်ခံကြ ပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ အထူးကိုယ်စားလှယ် ရာထူးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ အကျပ် အတည်းကို ဖြေရှင်းရန် ရည်ရွယ်ပြီး ဘုံ သဘောတူညီချက် ၅ ချက် ရဲ့ တစိတ်တပိုင်း အနေနဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းတာဝန်တွေ ကတော့ ဘုံ ၅ ချက်ကို အကောင်အထည် ဖော်ရာမှာ ပံ့ပိုးကူညီခြင်း၊ ပါတီများအကြား ဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့စေခြင်း၊ နဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ဖို့ အတွက် ပေါင်းစပ် ညှိနှိုင်းခြင်းတို့ ပါဝင်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version