တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ် ၊ ငလုံးစုရွာမှာ ဒီဇင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီ ကျော်လောက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ ဦး သေဆုံးပြီး တခြား ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
” သိရသလောက် သေတာရှစ်ယောက် ရှိတယ်။ ယောကျ်ားလေး သုံးယောက်နဲ့ မိန်းကလေး ငါးယောက်ပါ ။ ဒဏ်ရာရတဲ့ အထဲမှာလည်း အမျိုးသမီး တွေပါတယ် သိရတယ်။ ဒဏ်ရာရတဲ့ အခြေအနေတော့ သေချာမသိ ရသေးဘူး ။ ညက ၇ နာရီ ခွဲကျော်လောက်မှာ လေကြောင်းကနေ ကြဲချသွားတာလို့ သိရတယ် ။ ” လို့ စစ်ရှောင် ကူညီနေသူက ပြောပါတယ်။
လေကြောင်း တိုက် ခိုက်ခံခဲ့ရတဲ့ ငလုံးစု ရွာက နယ်မြေလုံခြုံရေး အခြေအနေ အရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း UEC က ကြေငြာထားတဲ့ ကျေးရွာတွေမှာ ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိ ကျောက်ဖြူမြို့နယ် ထဲက သိုင်းချောင်း အပါအဝင် ကျေးရွာတ ချို့ဘက်မှာ စစ်တပ် နဲ့ AA အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုတွေ ရှိနေကာ စစ်ရေး တင်းမာ နေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်က ဒီဇင်ဘာ ၂၈ ရက်မှာ စတင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့ အတွက် ကျောက်ဖြူမြို့နယ်တွင်းမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စစ်တပ်က လေကြောင်း ၊ မြေပြင် စစ်ကြောင်း ၊ လက်နက်ကြီး လက်နက်ငယ် သုံးပြီး အပြင်းအထန် တိုက်ခိုက် နေတာဖြစ်တယ် လို့သိရပါတယ်။
ကျောက်ဖြူမြို့နယ် ထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ ရပ်ကွက် ၅ ခုနဲ့ ကျေးရွာအုပ်စု ၄၅ ခု အထက် ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က အသိပေးထားပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်ရှိ ဆေးရုံ လေကြောင်း တိုက်ခိုက် ခံရပြီး လူ ၃၃ ယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရသူ ၇၆ ယောက် အထိ ရှိခဲ့ပါတယ်။
Crd – VOM
—————————
THN Public Media
