ဇန်နဝါရီ ၂၂ – ၂၀၂၆
ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဂရင်းလန်း ကို ဝယ်ယူရေး ချက်ချင်း ညှိနှိုင်းမှုတွေ လုပ်ဖို့ မနေ့က တောင်းဆိုလိုက်ပါတယ်။
ဂရင်းလန်းကို ဝယ်ယူဖို့အတွက် အချိန်ဆွဲမနေတော့ဘဲ “ချက်ချင်း လက်ငင်း ညှိနှိုင်းမှုတွေ” စတင်ဖို့ တောင်းဆိုလိုက်ပါတယ်လို့ ထရမ့်က မနေ့က ပြောသွားတာပါ။
နယ်မြေကျယ်ပြောလှတဲ့ ဂရင်းလန်းဟာ အကာအကွယ် မဲ့နေပြီး လူသူ နေထိုင်ခြင်း မရှိသလောက်ဖြစ်ကာ ဖွံ့ဖြိုးမှုမရှိသေးတဲ့ တိုင်းပြည်တခုလို့ ထရမ့်က ပြောပါတယ်။
နောက်ပြီး ထရမ့်က “ဂရင်းလန်းမှာ မြေရှားသတ္တုတွေဆိုတာ မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။
တကယ်တမ်းမှာတော့ သိပ္ပံပညာရှင်တွေနဲ့ ဘူမိဗေဒပညာရှင်တွေက ဂရင်းလန်းမှာ နည်းပညာမြင့် ပစ္စည်းတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ မြေရှားသတ္တု အမြောက်အမြား ရှိတယ်လို့ အတည်ပြုထားကြပါတယ်။
ထရမ့်က ဒါကို ဘာကြောင့် ငြင်းဆိုခဲ့တာလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပြီး
သူက စီးပွားရေးထက် “မဟာဗျူဟာမြောက် လုံခြုံရေး” ကို ပိုပြီး အလေးထား ပြချင်ပုံရပါတယ်။
နေတိုး (NATO) အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး ထရမ့် ပြောကြားရာမှာ “ကျွန်တော် အင်အားသုံးစရာ မလိုဘူး၊ အင်အားမသုံးချင်ဘူး၊ အင်အားလည်း သုံးမှာ မဟုတ်ဘူး” လို့ သူက အတိအလင်း ဆိုပါတယ်။
ဒါပေမဲ့ သူက တဆက်တည်းမှာပဲ “တကယ်လို့သာ ကျွန်တော် အလွန် အကျွံ အင်အားသုံးဖို့ ဆုံးဖြတ်ခဲ့ရင် ဘယ်သူမှ တားလို့ရမှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ အဲ့လိုမလုပ်ပါဘူး” လို့ အင်အားပြ ကြွားဝါခဲ့ ပါသေးတယ်။
လက်ရှိမှာလည်း အမေရိကန်ဟာ ဂရင်းလန်းမှာ စစ်သား ၁၀၀ ကျော် အမြဲတမ်း ချထားပြီးသား စစ်အခြေစိုက် စခန်းတခု ရှိပါတယ်။
—————————
THN Public Media
