ဇွန် ၃ – ၂၀၂၆
ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း ဂျန်မီ Jangmi ဟာ ဂျပန်နိုင်ငံကို ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက် တိုက်ခတ် ခဲ့လို့ လေပြင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် သယ်ယူ ပို့ဆောင်ရေးနဲ့ စီးပွားရေး လုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်ခဲ့ရပြီး အိမ်ခြေသောင်းနဲ့ချီ ပြီးတော့လည်း မီးပြတ်ခဲ့ရပါတယ်။
မုန်တိုင်းရဲ့ ဗဟိုချက်ဟာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း အထိ တိုကျိုမြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၁၅၀ လောက်မှာ ရှိနေပြီး တနာရီ ၅၆ မိုင်နှုန်း လေတိုက်နှုန်းနဲ့ အရှေ့မြောက်ဘက်ကို ရွေ့လျား နေတယ် လို့ ဂျပန်မိုး လေဝသအေဂျင်စီက ပြောပါတယ်။
မုန်တိုင်းဟာ ဂျပန်နိုင်ငံ အရှေ့ပိုင်း ပစိဖိတ်သမုဒ္ဒရာ ဘက်ခြမ်းနဲ့ အလွန်နီးကပ်စွာ ဖြတ်သန်းသွားမှာ ဖြစ်လို့ အထူးဂရုစိုက် သတိထားဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းပြောကြားပါတယ်။
အာဏာပိုင်တွေရဲ့ ပြောပြချက်အရ အနည်းဆုံး လူ ၁၅ ယောက် လောက်ကတော့ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြပါတယ်။
ဒီမုန်တိုင်းကြောင့် အခုအချိန်အထိ အိမ်ထောင်စုပေါင်း ၆ သောင်းနီးပါး မီးပြတ်တောက်ခဲ့ပြီး ဒေသ အနှံ့အပြားမှာ ရေကြီးတာ၊ သစ်ပင်တွေနဲ့ အပျက်အစီးတွေ ပြိုလဲတာ၊ မြေပြိုတာ စတဲ့ သတင်းပို့ချက် တွေကို လက်ခံရရှိထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ မိနိုရု ကီဟာရ က ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောကြားခဲ့ပါတယ်။
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေက စီရင်စု ၈ ခုမှာရှိတဲ့ ဒေသခံ ပြည်သူ သိန်းနဲ့ချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဂျပန်လေကြောင်းလိုင်း Japan Airlines နဲ့ အောနိပွန်လေကြောင်းလိုင်း All Nippon Airways အပါအဝင် လေကြောင်းလိုင်းတွေဟာ ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာနဲ့ ပြည်တွင်းခရီးစဉ်ပေါင်း ၉၀၀ နီးပါးကို ဖျက်သိမ်းခဲ့ရလို့ ခရီးသည် ၉ သောင်း နီးပါး သက်ရောက်မှုရှိခဲ့ပါတယ်။
အနောက်တောင်ပိုင်းက ကျူရှူး ဒေသနဲ့ ဂျပန်အနောက်ပိုင်း ဒေသအချို့မှာ ကျည်ဆန် ရထားခရီးစဉ်အချို့ နှောင့်နှေးကြန့်ကြာခဲ့ရသလို၊ အရှေ့ဂျပန် မီးရထားလိုင်း ကလည်း တိုကျို ဒေသတွင်းက ခရီးစဉ်အချို့ကို ဆိုင်းငံ့ထားပြီး ဒီနေ့အတွင်းမှာ နောက်ထပ်လည်း ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။
တိုယိုတာ မော်တော်ကား ကုမ္ပဏီ Toyota Motor ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ပြည်တွင်းက စက်ရုံ ၁၃ ခုရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဆိုင်းငံ့ခဲ့ရပြီး ညနေပိုင်းက စလို့ ထုတ်လုပ်မှုတွေ ပြန်စတင်ဖို့ အစီအစဉ်ရှိကြောင်း နောက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
ဆူဇူကီး မော်တော်ကားကုမ္ပဏီ Suzuki Motor ကလည်း တိုကျိုမြို့ အနောက်ဘက် ရှင်ဇူအိုကာ စီရင်စုမှာရှိတဲ့ စက်ရုံ ၅ ခုလုံးရဲ့ အလုပ်တွေကို မနက်ပိုင်းမှာ ရပ်နားခဲ့ပြီးနောက် ဒီနေ့နှောင်းပိုင်းမှာ လုပ်ငန်းတွေ ပြန်စတင်ဖို့ စီစဉ်ထားပါတယ်။
—————————
THN Public Media
