THN Public Media Blog သတင်း နိုင်ငံတကာ ဘုရင့်လွတ်ငြိမ်းခွင့်နဲ့ လုံးဝ လွတ်ပြီ
နိုင်ငံတကာ

ဘုရင့်လွတ်ငြိမ်းခွင့်နဲ့ လုံးဝ လွတ်ပြီ

ဇွန် ၃ – ၂၀၂၆

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ အသက်အရွယ်ကြီးရင့်မှုကြောင့် လက်ကျန် ၄ လကို ပြီးခဲ့တဲ့လက ခံဝန်နဲ့ ပြန်လွတ်လာပြီး အခုတော့ ဘုရင့်လွတ်ငြိမ်းခွင့်နဲ့ လုံးဝ လွတ်မြောက် သွားပြီ ဖြစ်ပါတယ်။

ဘုရင် မဟာ ဝချီရာလောင်ကွန်း ဆီကနေ ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ခံဝန် ကနေ လွတ်မြောက်သွားခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် ဘီလီယံနာ စီးပွားရေး လုပ်ငန်းရှင်ကြီးရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေ ကတော့ မရေမရာဖြစ်နေဆဲပါ။

ထိုင်းအထက်တန်းလွှာ တွေရဲ့ ပြိုင်ဘက် အစုအဖွဲ့တွေနဲ့ ဆယ်စုနှစ် နှစ်ခုစာ အာဏာလုပွဲရဲ့ ဗဟိုချက်မှာ ရှိနေခဲ့တဲ့ သက်ဆင်ဟာ အဂတိ လိုက်စားမှုနဲ့ အာဏာအလွဲ သုံးစားမှုတို့ကြောင့် ထောင်ဒဏ်တနှစ်အနက် ရှစ်လကို ကျခံခဲ့ရပါတယ်။ မူလက စက်တင်ဘာလမှ ထောင်ဒဏ် သက်တမ်း ကုန်ရမှာဖြစ်ပေမဲ့ အသက်အရွယ်ကြီးရင့်မှုကြောင့် ပြီးခဲ့တဲ့လ အစောပိုင်းမှာပဲ ထောင်ကနေ စောစီးစွာ ခံဝန်နဲ့ လွတ်မြောက်လာခဲ့တာပါ။

ဘုရင်မကြီး သုသီတာရဲ့ မွေးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ ဘုရင့် သဘောဆန္ဒအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အမိန့် ဒီကရီဟာ အာဏာသက်ရောက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ တော်ဝင်မွေးနေ့တွေနဲ့ တခြား အထိမ်းအမှတ် ရက်တွေမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလေ့ရှိကြ ပါတယ်။

ပြီးခဲ့တဲ့လကတည်းက သက်ဆင် ဝတ်ဆင်ထားရတဲ့ အီလက်ထရွန်နစ် ခြေချုပ်ကိရိယာ (EM) ကို ဖြုတ်ပေးမလား ဆိုတာကို အစိုးရ ကော်မတီတခုက ဆုံးဖြတ်ဖို့ လိုအပ်နေသေးတယ်လို့ သက်ဆင်ရဲ့ ရှေ့နေ ကတော့ ပြောပါတယ်။

ထိုင်းသမိုင်းမှာ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက် အနိုင်ရဖူးတဲ့ တဦးတည်းသော ခေါင်းဆောင်ဖြစ်တဲ့ သက်ဆင်ဟာ ၁၉၉၇ အာရှ ဘဏ္ဍာရေးအကျပ်အတည်းအပြီး စီးပွားရေးပြန်လည် ဦးမော့အောင် လုပ်ဆောင် ပေးခဲ့လို့ ကျေးလက်နဲ့ မြို့ပြ ဆင်းရဲသားတွေရဲ့ အခိုင်အမာ ထောက်ခံမှုကို ရရှိခဲ့ပြီး ၂၀၀၁ နဲ့ ၂၀၀၅ ခုနှစ် တွေမှာ ရှေးရိုးစွဲ အသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပါတယ်။

သူဟာ ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်း ဖြုတ်ချခံခဲ့ရပြီး အဂတိမှုတွေနဲ့ ထောင်မကျအောင် နှစ်နှစ် အကြာမှာ နိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။

သက်ဆင်ကတော့ ဒါဟာ နိုင်ငံရေးသြဇာကို နှိပ်ကွပ်ဖို့ အတွက် လုပ်ကြံ ဖန်တီးထားတာလို့ အဲဒီတုန်းက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

လန်ဒန်၊ ဒူဘိုင်းနဲ့ မွန်တီနီဂရိုး တို့မှာ ပြည်ပတိမ်းရှောင်နေစဉ် အတွင်း၊ သက်ဆင်ဟာ ထိုင်းနိုင်ငံရေးကို နောက်ကွယ် ကနေ ကြိုးကိုင်နေခဲ့ပြီး သူ့ရဲ့ ပါတီဟာ ၂၀၂၃ ခုနှစ် အထိ ရွေးကောက်ပွဲ အားလုံးမှာ အများစု အနိုင်ရခဲ့ပါတယ်။

၂၀၂၃ အထွေထွေရွေးကောက်ပွဲ အပြီးမှာတော့ သက်ဆင်ဟာ သူ့ကို တချိန်က မုန်းတီးခဲ့တဲ့ တော်ဝင် လိုလားသူတွေနဲ့ သဘောတူညီချက် ရရှိခဲ့ပုံပေါ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ တိုးတက် ပြောင်းလဲ လိုလားတဲ့ Move Forward ပါတီ (MFP) ကို ကျော်ဖြတ်ကာ သူ့ရဲ့ ဖြူထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရ တရပ် ဖွဲ့စည်းနိုင်ဖို့ အတွက် ထိုင်းနိုင်ငံကို မထင်မှတ်ဘဲ ပြန်လည် ရောက်ရှိလာခဲ့ ပါတယ်။

သက်ဆင်ဟာ သူ့ရဲ့ ရှစ်နှစ်ထောင် ဒဏ်ကို ဘုရင်က တနှစ် အထိ လျှော့ပေါ့ပေးတာ ခံခဲ့ရပါတယ်။ ဒါ့အပြင် ကျန်းမာရေး အကြောင်းပြချက်တွေကြောင့် ထောင်ကနေ ရဲဆေးရုံဆီ ချက်ချင်း ပို့ဆောင် ပေးခြင်းလည်း ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ် စရီသာ ထာဝီဆင်နဲ့ နောက်ပိုင်းမှာ သက်ဆင်ရဲ့ သမီးဖြစ်သူ ဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်တို့ ဦးဆောင်တဲ့ ဖြူထိုင်း ညွန့်ပေါင်းအစိုးရဟာ သူတို့ရဲ့ အာဏာရ နှစ်နှစ်တာ အတွင်း အစိုးရ အဖွဲ့မပြိုကွဲအောင် ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမှာတော့ အခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ အသစ် ကျင်းပခဲ့ရပါတယ်။

မနှစ်က သမီးဖြစ်သူရဲ့ အစိုးရဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြား ခဲ့လို့ အကျပ်ရိုက်နေချိန်မှာပဲ ထိုင်းတရားလွှတ်တော်ချုပ်က သက်ဆင်ရဲ့ ဆေးရုံတက်ရောက်မှု အကြောင်းပြချက်ဟာ အခြေအမြစ် မရှိဘူးလို့ ဆုံးဖြတ်ပြီး ထောင်ထဲ ပြန်ဝင်ဖို့ အမိန့်ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီလ အထွေထွေ ရွေးကောက်ပွဲမှာတော့ ဘွမ်ဂျိုင်ထိုင်း Bhumjaithai ပါတီက မထင်မှတ်ဘဲ အမတ်နေရာ အများဆုံး အနိုင်ရရှိခဲ့ပြီးနောက် တော်ဝင်လိုလားသူ အနုတင် ချာန်ဗီရာကူးလ်ဟာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဖြူထိုင်းပါတီကတော့ သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် အမတ်နေရာရရှိမှု သုံးနေရာမြောက် အထိ ကျဆင်းသွားခဲ့ပြီး အခုအခါ အစိုးရအဖွဲ့မှာ အငယ်တန်း အခန်းကဏ္ဍကနေပဲ ပါဝင်ပါတော့တယ်။

သက်ဆင်နဲ့ သူ့ရဲ့ပါတီဝင်တွေဟာ ၂၀၁၉ ခုနှစ်အထိ ထိုင်းနိုင်ငံရေးမှာ ဆယ်စုနှစ် ၂ ခု နီးပါး ရွေးကောက်ပွဲ ကြယ်ပွင့်တွေ အဖြစ် မယှဉ်ပြိုင်နိုင်အောင် ရှိခဲ့ပေမဲ့ လူငယ်မဲဆန္ဒရှင်တွေကြား ရေပန်းစားတဲ့ Future Forward ပါတီ (နောက်ပိုင်းမှာ MFP နဲ့ People’s ပါတီ ဖြစ်လာတဲ့အဖွဲ့) ပေါ်ထွက်လာပြီးနောက်မှာတော့ လူငယ်မျိုးဆက်ပါတီဟာ ကြီးမားတဲ့ အင်အားစု တရပ် ဖြစ်လာခဲ့ပါတယ်။

ရဲအရာရှိဟောင်းကနေ ဆက်သွယ်ရေး လုပ်ငန်းသုံး ဘီလီယံနာ သူဌေးကြီးဖြစ်လာတဲ့ သက်ဆင် မှာတော့ အထူးသဖြင့် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ကျေးလက်ဒေသတွေက သက်ကြီးပိုင်း ထောက်ခံသူတွေ အပါအဝင် အမာခံပရိသတ်တွေ ရှိနေဆဲပါ။

ဒါပေမဲ့ သူဟာ ထောင်လွှားတယ်၊ အာဏာမက်တယ်၊ ပြီးတော့ လူထုဗြိန်းကြိုက် မူဝါဒတွေနဲ့ မဲဝယ်တယ်လို့ စွပ်စွဲကြတဲ့ မြို့ပြ ရှေးရိုးစွဲသမား အများအပြားရဲ့ မုန်းတီးမှုကိုလည်း ခံခဲ့ရပါတယ်။

သက်ဆင်ကတော့ သူ နိုင်ငံရေးကနေ အပြီးအပိုင် အနားယူဖို့ အစီအစဉ်ရှိမရှိ အရိပ်အမြွက် မပြသေးပါဘူး။ အခြေအနေသုံး သပ်သူတွေရဲ့ အဆိုအရ ထိုင်းနိုင်ငံရဲ့ ဆယ်စုနှစ် များစွာအတွင်း စိတ်ဓာတ် အပြင်းထန်ဆုံး နိုင်ငံရေးသမားတဦးဖြစ်တဲ့ သူ့အနေနဲ့ လုံးဝ အနားယူသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

တစ်ချိန်တည်းမှာပဲ ပေထုန်တန် ဟာလည်း ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ်စစ်ပွဲ မဖြစ်ပွားခင် တုန်းက ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့တဲ့ ကိစ္စအတွက် တရားစွဲဆိုခံရမယ့် ခြိမ်းခြောက်မှု ကနေ မလွတ်မြောက်သေးပါဘူး။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အာဏာသိမ်းခံရချိန်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ သက်ဆင်ရဲ့ ညီမငယ် ယင်လတ် ရှင်နာဝပ်ကတော့ အခုထက်ထိ ပြည်ပမှာ တိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version