THN Public Media Blog သတင်း War ဆင်ဖြူကျွန်းမြို့ပေါ် အထိ တိုက်ပွဲ ပြင်းထန်
War

ဆင်ဖြူကျွန်းမြို့ပေါ် အထိ တိုက်ပွဲ ပြင်းထန်

ဒီဇင်ဘာ ၂၃ – ၂၀၂၅

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပြီး မြေပြင် ပစ်ခတ်မှု အပြင် လေကြောင်း ပစ်ကူ တိုက်ခိုက်မှု တွေလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ဆင်ဖြူကျွန်း မြို့ပါ်ရှိ နွယ်တမယ် တံတားထိပ်မှာ ရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ စစ်ဆေးရေး ဂိတ်နဲ့ မြို့ထဲရှိ ဆင်ဖြူကျွန်း ရဲစခန်းကို PDF တပ်တွေက ဝင်ရောက် တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှု အပြင် လေကြောင်း ၊ ဒရုန်းတိုက်ခိုက်မှုတွေ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆင်ဖြူကျွန်း မြို့ပြင်ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားမှု ရှိနေ တယ်လို့ သိရပါတယ်။

” မနက်က မြို့ထဲထိ ဝင်တိုက်ကြတာ ။ ဆင်ဖြူကျွန်းရဲစခန်းကို ပစ်တာပါ။ အခုတော့ မြို့ထဲ မဟုတ်တော့ဘူး ။ အခုက အနောက်ဘက်မှာ ချနေကြတယ်။မနက်က ဝင်ပစ်ခံရတဲ့ ရဲစခန်းကလည်း ချောင်းအစပ်နဲ့ နီးတယ်။ အခုက မြို့ပတ်ချာလည်မှာ ချနေကြတယ်။ တညလုံးနဲ့ မနက်အစော လေယာဉ်တောက်လျှောက်ဝဲတယ် ။ မနက်အစောကျ တိုက်ပွဲဖြစ်ကြတယ်။ လေယာဥ်ကတော့ ကတည်းက တောက်လျှောက် ကြဲတာ ။ ” လို့ ဆင်ဖြူကျွန်း မြို့ စစ်ရေး အခြေအနေကို မြို့ခံ က ပြောပြပါတယ်။

အဆိုပါ ဆင်ဖြူကျွန်း တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိထားပေမယ့်လည်း လတ်တလော စစ်ရေးအ ခြေအနေ အရ လူနာတွေကို ဆေးရုံပို့ဖို့ အဆင်မပြေသေးဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

” လူနာတွေကို ကြက်ခြေနီက ခုမှကောက်ရတယ် ။ လူနာတွေ ကောက်လို့ရပေမယ့် စလင်းဘက် ကလည်း သွားလို့ မရဘူး ။မိုင်းထိတာဆို မကွေးကပဲ နိုင်တာဆိုတော့ အဲဒီဘက်ကို ပို့ရမယ့် သဘော ရှိတယ် ။ ” လို့ ဆင်ဖြူကျွန်း ကြက်ခြေနီအဖွဲ့ခွဲနဲ့ နီးစပ်သူက ပြောပါတယ်။

လက်ရှိ ဆင်ဖြူကျွန်း မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မြို့ကို အဝင်အထွက် ယာယီပိတ်ထား တဲ့ အခြေအနေ ရှိပြီး ခရီးသွားလာခွင့် မရကြောင်း ၊ တိုက်ပွဲဖြစ်နေတဲ့ မြို့ပတ်ဝန်းကျင်က ကျေးရွာတွေ ကတော့ ဘေးလွတ်ရာကို တိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

“တမြို့လုံး တနယ်လုံး လန့်နေကြတယ်။ ခရီးသွား လို့လည်း မရသေးဘူး။ မြို့ပတ်ချာလည် မှာ ချနေကြတာ။ ရွာတွေကတော့ လွတ်ရာ ပြေးနေကြတယ်။ ရွာတွေက များတယ်။ ” လို့ မြို့ခံက ထပ်မံပြောပါတယ်။

မနေ့က ဒီဇင်ဘာ၂၂ ရက်နေ့ ည ၁၁ နာရီလောက်ကတည်းက စပြီး စလင်းချောင်း အနောက်ဘက်ကမ်း နဲ့ မြောက်ဘက်ကို စစ်တပ်ဘက်က လေကြောင်း တိုက်ခိုက်မှု တွေ ဆက်တိုက်ပြု လုပ်ခဲ့တာ ဖြစ်တယ် လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ် ။

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version