THN Public Media Blog သတင်း နိုင်ငံတကာ ဆီးရီးယား ကြားဖြတ် သမ္မတ နဲ့ ရုရှားသမ္မတ ပူတင်တို့ မော်စကိုမှာ တွေ့ဆုံ၊ အာဆတ်ပြုတ်ကျပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်
နိုင်ငံတကာ နိုင်ငံရေး

ဆီးရီးယား ကြားဖြတ် သမ္မတ နဲ့ ရုရှားသမ္မတ ပူတင်တို့ မော်စကိုမှာ တွေ့ဆုံ၊ အာဆတ်ပြုတ်ကျပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်

MOSCOW, RUSSIA - OCTOBER 15 (RUSSIA OUT) Russian President Vladimir Putin (L) greets Syrian Leader Ahmed al-Sharaa (R) during their meeting at the Kremlin, October 15, 2025, in Moscow, Russia. Vladimir Putin hosts Syrian President Ahmad al-Sharaa in his first visit to Russia. (Photo by Contributor/Getty Images

အောက်တိုဘာ ၁၆ – ၂၀၂၅

ဆီးရီးယား ကြားဖြတ် သမ္မတ အာမက် အလ် ရှာရာ (Ahmed al-Sharaa) နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ဟာ မော်စကိုမှာ မနေ့ အောက်တိုဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ပူတင်ဟာ သူ့ရဲ့ မဟာမိတ်ဟောင်း ဘာရှား အလ် အာဆတ် ရာထူးက ဖြုတ်ချခံရပြီး နောက် ၁၀ လ အကြာမှာ အခုလို ကြားဖြတ် သမ္မတသစ်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပူတင်က ရုရှားနဲ့ ဆီးရီးယား နှစ်နိုင်ငံ အကြား အထူးဆက်ဆံရေး အကြောင်း ပြောကြားခဲ့ပါတယ်။

ဆီးရီးယား ကြားဖြတ် သမ္မတ ရှာရာ ကလည်း ရုရှားတို့ရဲ့ ဆီးရီးယားက စစ်အခြေစိုက် စခန်းတွေကို ဆက်လက် အသုံးပြုခွင့်ပေးသွားမယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

သမ္မတ ရှာရာ အနေနဲ့ မော်စကို ကို ထွက်ပြေး ခိုလှုံသွားတဲ့ အာဆတ်ကို ပြန်လည် လွှဲပြောင်းပေးဖို့ တောင်းဆိုဖွယ်ရှိခဲ့ပါတယ်။

ရှာရာ နဲ့ အာဆတ် တို့ဟာ ဆီးရီးယားမှာ နှစ်ပေါင်းများစွာ သွေးထွက်သံယို ပြည်တွင်းစစ် အတွင်း ဆန့်ကျင်ဘက် အင်အားစုတွေ ဖြစ်ခဲ့ကြပါတယ်။

ပူတင်ဟာ အာဆတ်ကို မပြိုလဲအောင် စစ်ရေး အင်အားသုံး ကျောထောက် နောက်ခံ ပေးခဲ့တာ ဖြစ်ပါတယ်။

ရှာရာ ရဲ့ လက်နက်ကိုင် အစ္စလာမ္မစ်အဖွဲ့ ဟာ အာဆတ်ကို ရာထူးက ဖယ်ရှား နိုင်ခဲ့တဲ့ သူပုန် ထိုးစစ်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ကတော့ ရုရှား နဲ့ ဆီးရီးယား ခေါင်းဆောင် နှစ်ဦးဟာ အတိတ်က ရန်ငြိုးတွေကို ဖယ်ထားပြီး လက်တွေ့ကျတဲ့ အကျိုးစီးပွား ကို ဦးစားပေးကာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ပူတင်က “လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း ကျွန်တော်တို့ နှစ်နိုင်ငံဟာ အထူး ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဆွေးနွေးပွဲ အစီအစဥ်ဟာ “စိတ်ဝင်စားစရာ ကောင်းပြီး အကျိုးရှိတဲ့ လုပ်ငန်းစဥ် တွေ အတော်လေး များပါတယ်” လို့ ပူတင်က ထပ်လောင်း ပြောကြားပြီး၊ ရုရှားအနေနဲ့ “၎င်းတို့ကို အရာရာ ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်ရန်” အသင့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတ ရှာရာ ကလည်း ဆီးရီးယား အနေနဲ့ နိုင်ငံအားလုံးနဲ့ ဆက်ဆံရေးကို ပြန်လည် ထူထောင်ဖို့ ဆန္ဒရှိကြောင်း၊ ဒါပေမယ့် “အဓိကအားဖြင့် ရုရှားနဲ့” ဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဟာ ဆီးရီးယားရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှု၊ နယ်မြေ စည်းလုံး ညီညွတ်မှုနဲ့ လုံခြုံရေး တည်ငြိမ်မှုတွေ အတွက် အခုလိုဆက်ဆံရေး ပုံစံကို နည်းလမ်းသစ်နဲ့ ပြန်လည် သတ်မှတ်ပြီး၊ ပြန်တည်ဆောက်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောကြား ပါတယ်။

ရုရှားဟာ ဆီးရီးယား မြေထဲပင်လယ် ကမ်းရိုးတန်းက Tartous ရေတပ်ဆိပ်ကမ်း နဲ့ Hmeimim စစ်ဘက် လေတပ်စခန်း တို့ကို ဆက်လက် အသုံးပြုခွင့် လိုလားနေတာ ဖြစ်ပါတယ်။

ရှာရာ ကလည်း “နှစ်နိုင်ငံသမိုင်းတစ်လျှောက် ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက် အားလုံးကို လေးစားလိုက်နာမယ်” လို့ ပြောဆိုကာ ခွင့်ပြုမယ်လို့ ဆိုပါတယ်။

သမ္မတ ရှာရာ ဟာ ဆီးရီးယားမှာ သူ့ရဲ့ အာဏာကို ခိုင်မာအောင်၊ နယ်စပ် လုံခြုံရေးကို ထိန်းနိုင်ဖို့နဲ့ ရုရှားရဲ့ စွမ်းအင်နဲ့ ရင်းနှီးမြှုပ်နှံမှု အကူအညီတွေ ရယူကာ ကျပ်တည်းနေသော စီးပွားရေးကို ပြန်ဆယ်ဖို့ အကူအညီတွေ လိုအပ် နေတာ ဖြစ်ပါတယ်။

ရုရှား ဝန်ကြီးတွေကလည်း ဆီးရီးယား ကို စားသောက်ကုန် နဲ့ ဆေးဝါး တွေ ပို့ပေးဖို့ အသင့်ရှိကြောင်းနဲ့ ပျက်စီးနေတဲ့ ဓာတ်အားပေး စက်ရုံတွေနဲ့ သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ တွေကို ပြန်ပြင်ပေးဖို့ ကူညီရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အပြုံးတွေကြားမှာ တင်းမာမှုတွေလည်း ရှိနေကြ ပါတယ်။

ဆီးရီးယား သတင်းရင်းမြစ်တွေ အရ ရှာရာ ဟာ အာဆတ်အား လွှဲပြောင်း ပေးဖို့ ရုရှားကို ပြောလိမ့်မယ်လို့ ဆိုပါတယ်။

လွှဲပြောင်းပေးခံရင် အာဆတ်ဟာ စစ်ရာဇ၀တ်မှုတွေ အတွက် တရား ရင်ဆိုင် ရနိုင်ပါတယ်။

ဒါပေမယ့်လည်း ရုရှား ဘက်က ဒါကို သဘောတူဖို့ ဖြစ်နိုင်ခြေ မရှိပါ။

တနင်္လာနေ့တုန်း ကတော့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗ်ရို့ဗ် က အာဆတ်နဲ့ မိသားစုဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရ တာကြောင့် ရုရှားက နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့တာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ref: bbc

photo: getty

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version