THN Public Media Blog သတင်း နိုင်ငံတကာ ဆူးညောင့်တခုလို ဖြစ်နေဆဲ – မြန်မာ့အရေး အာဆီယံ စိတ်ပျက်ရကြောင်း အာဆီယံ ဥက္ကဌ ဝန်ခံ
နိုင်ငံတကာ

ဆူးညောင့်တခုလို ဖြစ်နေဆဲ – မြန်မာ့အရေး အာဆီယံ စိတ်ပျက်ရကြောင်း အာဆီယံ ဥက္ကဌ ဝန်ခံ

မေလ ၈ – ၂၀၂၆

မြန်မာ့အရေးကို ဖြေရှင်းရာမှာ တိုးတက်မှုမရှိတဲ့ အပေါ် အရှေ့တောင် အာရှ ခေါင်းဆောင်တွေကြား စိတ်ပျက်မှုတွေ တိုးလာ နေတယ် လို့ လက်ရှိ အာဆီယံ ဥက္ကဌ ဖိလိုင်ပိုင် သမ္မတ မားကို့စ်က ဝန်ခံပြောကြား လိုက်ပြီး၊ ဒီပြဿနာဟာ ရှင်းလင်းတဲ့ အဖြေ မရှိသေးတဲ့ “ဆူးညောင့် တခုလို အခက်အခဲ” ဖြစ်တယ်လို့ တင်စားပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်မှာ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပ နေရာမှာ မြန်မာ့အရေးဟာ ခေါင်းဆောင်တွေရဲ့ သီးသန့်ဆွေးနွေးပွဲ အတွင်း အဓိက ဆွေးနွေးတဲ့ အကြောင်းအရာ တခု ဖြစ်ခဲ့တယ်လို့ မားကို့စ်က ဖွင့်ဟခဲ့ပါတယ်။

“ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာကြီးတွေထဲက တခုကတော့ မြန်မာ့ အရေး ပါပဲ” လို့ မေလ ၈ ရက် သောကြာနေ့မှာ သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်လာဖို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်မှာ တိုးတက်မှု မရှိတာနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် အတော် များများက သူတို့ရဲ့ စိတ်ပျက်မှုကို ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

လုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ အတွက် ပိုမိုလုပ်ဆောင်ရမယ် ဆိုတာကို အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

“ကျွန်တော်တို့အားလုံး တိုးတက်မှုတွေကို ပိုမြင်ချင်ကြတာချင်း တူပါတယ်” လို့ မားကို့စ်က ဆိုပါတယ်။

ဒါ့အပြင် အခုချိန်မှာ ရပ်တန့်နေတဲ့ လုပ်ငန်းစဉ်ကြီးကို ပြန်လည် လှုပ်နှိုးဖို့ အတွက် နည်းလမ်းတွေကို အစွမ်းကုန် ကြိုးစား ရှာဖွေသွားကြမယ်လို့ လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အာဆီယံရဲ့ ချဉ်းကပ်ပုံမှာ အပြောင်းအလဲ အနည်းငယ် ရှိလာ တယ်လို့ လည်း သူက ဆိုပါတယ်။

“ဒါဟာ ထင်ရှားတဲ့ အဖြေရှာမရသေးတဲ့ ဆူးညောင့်တခုလို ဖြစ်နေတုန်း ပါပဲ၊ ဒါပေမဲ့ မြန်မာ့အခြေအနေ အပေါ် ချဉ်းကပ်ပုံမှာတော့ အပြောင်း အလဲ အနည်းငယ် ရှိကောင်းရှိနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာ့အရေးကို ချဉ်းကပ်ရာမှာ အာဆီယံ အဖွဲ့ဝင်တွေကြား အပြောင်း အလဲ အနည်းငယ်ရှိလာပုံ ရတယ်လို့ မားကို့စ်က ပြောပေမဲ့ တိကျတဲ့ ပြောင်းလဲမှုတွေ ကိုတော့ အတည်မပြုရသေးပါ။

အာဆီယံအနေနဲ့ လူ့အခွင့်အရေး လေးစားမှု၊ တရားဥပဒေ စိုးမိုးမှုနဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက် အပါအဝင် သူတို့ရဲ့ အခြေခံမူတွေ ကိုတော့ စွန့်လွှတ်မှာ မဟုတ်ကြောင်း သမ္မတက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

“အာဆီယံရဲ့ အဓိက ကျမှုကို ကျွန်တော်တို့ စွန့်လွှတ်မှာ မဟုတ်ပါဘူး၊ လူ့အခွင့်အရေး လေးစားမှုကိုလည်း စွန့်လွှတ်မှာ မဟုတ် သလို လူသားချင်း စာနာမှုဆိုင်ရာ ဘေးဒုက္ခတွေ အပေါ် စိုးရိမ်ပူပန်မှု ကိုလည်း လက်လွှတ်မှာ မဟုတ်ပါဘူး” လို့ မားကို့စ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှု တွေဟာ အာဆီယံအတွက် အဓိက စိုးရိမ်စရာ ဖြစ်နေဆဲပါ။

လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခတွေ၊ တိုက်ပွဲတွေနဲ့ ပြည်တွင်းစစ် အသေးစား အဆင့် တွေဟာ ဆက်ပြီး ဖြစ်ပွား နေတုန်းပဲလို့ သမ္မတက ထောက်ပြပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အရင်က သဘောတူခဲ့ပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ရာမှာတော့ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

အကျပ်အတည်းတွေ ရှိနေပေမဲ့လည်း မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် အဖြစ် ရှိနေဆဲဖြစ်ကြောင်း မားကို့စ်က အလေးပေးပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို ထပ်ပြီး အသိအမှတ်ပြုနေဖို့ မလိုတော့ကြောင်း၊ မြန်မာ အစိုးရ ကို အသိအမှတ်ပြုထားပြီး ဖြစ်လို့ မြန်မာဟာ အဖွဲ့ဝင်နိုင်ငံ တခု ဖြစ်နေတာပဲလို့ သူက ဆိုပါတယ်။

“မြန်မာဟာ ကုန်သွယ်ဘက် သက်သက် မဟုတ်သလို အာဆီယံရဲ့ မိတ်ဆွေ သက်သက်လည်း မဟုတ်ပါဘူး၊ မြန်မာဟာ အာဆီယံ မိသားစုဝင် တဦးပါ” လို့ သူက ပြောပါတယ်။

ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မိသားစုဝင် တယောက်ကို မိသားစုထဲ ကနေ ဖယ်ထုတ် ထားရတာဟာ ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ် တခုပဲလို့ သူက ဆိုပါတယ်။

ရပ်တန့်နေတဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည် စတင်နိုင်မယ့် နည်းလမ်းသစ် တွေနဲ့ အကြံဉာဏ်တွေကို ရှာဖွေဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးတွေကို တာဝန်ပေးဖို့ အာဆီယံ ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ မားကို့စ်က ပြောပါတယ်။

ဒီကိစ္စတွေကို အခုချက်ချင်း ဆုံးဖြတ်မှာ မဟုတ်ပေမဲ့ မြန်မာ့အခြေအနေ ပုံမှန် ပြန်ဖြစ်လာဖို့ ဘာတွေ လုပ်ဆောင်နိုင်မလဲ ဆိုတာကိုတော့ အသေ အချာ ပြန်လည် စဉ်းစားပြီး နည်းလမ်း ရှာသွားကြမယ်လို့ သမ္မတ မားကို့စ်က ပြောကြားသွားခဲ့ပါတယ်။

ref: manila bulletin

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version