မတ်လ ၂၆ – ၂၀၂၆
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က နိုင်ငံပိုင်ရုပ်သံ သတင်းဌာနနဲ့ အင်တာဗျူးမှာ အမေရိကန်ဟာ အခုရက်ပိုင်းအတွင်း ကြားခံနိုင်ငံ အသီးသီးက တဆင့် သတင်းစကားမျိုးစုံ ပေးပို့နေတယ် လို့ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ဒီသတင်းစကားတွေကို မိတ်ဆွေနိုင်ငံတွေက တဆင့် ပေးပို့လာတာ ဖြစ်ပြီး၊ အီရန်ဘက် ကလည်း သူတို့ရဲ့ ရပ်တည်ချက်တွေနဲ့ သတိပေးချက်တွေကိုပဲ ပြန်လည် အကြောင်း ပြန်နေတာဖြစ်လို့ ဒါဟာ “ဆွေးနွေးပွဲလည်းမဟုတ်သလို၊ ညှိနှိုင်းမှုလည်းမဟုတ်ဘူး၊ အဲဒီလိုမျိုး ဘာတခုမှ မဟုတ်ဘူး” လို့ ပြောပါတယ်။
မစ္စတာ Abbas Araghchi က အီရန်ရဲ့ လက်ရှိ မူဝါဒဟာ ဆက်လက်ခုခံကာကွယ်ဖို့ ပဲဖြစ်ပြီး လောလောဆယ် ဆွေးနွေးဖို့ ဘာအစီအစဉ်မှမရှိဘူး လို့လည်း ပြောပါတယ်။
သူ ဆက်ပြောတာ ကတော့ “ဒါဟာ အစ္စရေးရဲ့ စစ်ပွဲဖြစ်ပြီး ဒေသတွင်းက လူတွေနဲ့ အမေရိကန် ပြည်သူတွေက အဲဒီအတွက် တန်ဖိုး ပေးဆပ်နေရတာလို့” ဆိုပါတယ်။
အိမ်ဖြူတော်သတင်းပြန်ကြားရေး အတွင်းဝန် Leavitt ကတော့ “ကျွန်မတို့ရဲ့ စစ်ရေး ကြိုးပမ်းမှုတွေဟာ တရက်ထက် တရက် ပိုပြီးအောင်မြင်လာနေတယ်” လို့ ပြောကြားခဲ့ပြီး အမေရိကန်ဟာ ကုန်သွယ်ရေး သင်္ဘောတွေကို တိုက်ခိုက်နိုင်တဲ့ အီရန်ရဲ့စွမ်းရည်ကို ချေမှုန်း နေတယ်လို့ ဆိုပါတယ်။
“ဒါကြောင့်ပဲ ကျွန်မတို့ဟာ Operation Epic Fury ရဲ့ အဓိက ရည်မှန်းချက်တွေ ပြည့်မီဖို့ အရမ်း နီးစပ်နေပါပြီ” လို့ ပြောပါတယ်။
စစ်ပွဲစတင်ပြီး ၂၅ ရက်အကြာမှာ အမေရိကန်ဟာ သတ်မှတ်ထားတဲ့ အချိန်ဇယားထက်တောင် စောနေတယ် လို့လည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အီရန်ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို ချေမှုန်း လိုက်နိုင်ပြီဖြစ်ပြီး အီရန် အစိုးရဟာ အခုအခါမှာ ထွက်ပေါက် ရှာနေပြီဖြစ်ကြောင်းလည်း သူမက ပြောကြားခဲ့ပါတယ်။
—————————
