THN Public Media Blog သတင်း နိုင်ငံတကာ တရုတ်ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု အနည်းဆုံး လူ ၉၀ သေဆုံး
နိုင်ငံတကာ

တရုတ်ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု အနည်းဆုံး လူ ၉၀ သေဆုံး

မေလ ၂၃ – ၂၀၂၆

တရုတ်နိုင်ငံမြောက်ပိုင်းက ကျောက်မီးသွေးတွင်းတခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့လို့ လူ ၉၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။

Shanxi ပြည်နယ်မှာ ရှိတဲ့ Liushenyu ကျောက်မီးသွေး တွင်းက ဒီဓာတ်ငွေ့ ပေါက်ကွဲမှုဟာ ၂၀၀၉ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံမှာ အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ တွင်းမတော်တဆမှုကြီး ဖြစ်ပါတယ်။

သောကြာနေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၂၉ မိနစ် မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အဲဒီအချိန်မှာ တာဝန်ကျနေတဲ့ အလုပ်သမား ၂၄၇ ဦး ရှိနေကာ၊ အဲဒီ အထဲက လူ ၁၀၀ ကျော် ကိုတော့ ဘေးကင်းရာဆီ ကယ်ထုတ် နိုင်ခဲ့ ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် က ဒဏ်ရာ ရရှိသူတွေကို ကုသပေးဖို့နဲ့ ပိတ်မိ နေသူတွေကို ရှာဖွေဖို့ အတွက် အစွမ်းကုန် ကြိုးပမ်းကြဖို့ ညွှန်ကြား ထားသလို၊ ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်း စစ်ဆေးပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆို ထားပါတယ်။

ဒဏ်ရာရရှိသူ ၂၇ ဦး ကတော့ ဒေသတွင်း ဆေးရုံတခုမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး အဲဒီအထဲက တဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကာ ကျန်တဲ့လူတွေ ကတော့ ဒဏ်ရာ အနည်းငယ်စီပဲ ရရှိခဲ့ပါတယ်။

သေဆုံး ဒဏ်ရာရသူ အများစုဟာ အဆိပ်ငွေ့တွေ ရှူမိခဲ့တာ ကြောင့်လို့ နိုင်ငံပိုင် မီဒီယာက ဆိုပေမဲ့ အဲဒါ ဘာဓာတ်ငွေ့လဲဆို တာကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါ။

ဒဏ်ရာရခဲ့တဲ့ တွင်းအလုပ်သမားတဦးဖြစ်သူ ဝမ်ယုံ က ဒီဖြစ်စဉ် ဖြစ်ပွား ချိန်မှာ သူ ဘာအသံမှ မကြားလိုက်ရဘဲ ရုတ်တရက် မီးခိုးလုံးကြီး တက်လာတာ ကိုပဲ မြင်လိုက်ရတယ်လို့ နိုင်ငံပိုင် မီဒီယာကို ပြောပြ ပါတယ်။

“ကျောက်မီးသွေးခွဲတဲ့ အခါရတဲ့ အနံ့မျိုးဖြစ်တဲ့ ကန့်အနံ့ ကို ရလိုက်တယ်။ ဒါနဲ့ လူတွေကို အော်ပြီး ပြေးခိုင်းတာပေါ့။ ကျွန်တော်တို့ ပြေးနေတုန်းမှာ တင် လူတွေ အဆိပ်ငွေ့မိပြီး လဲကျ သွားတာတွေကို မြင်ခဲ့ရတယ်။ အဲဒီ နောက်မှာ ကျွန်တော်လည်း သတိလစ်သွားတော့တာပဲ” လို့ သူက ဆိုပါတယ်။

“အဲဒီနေရာမှာတင် တနာရီလောက် လဲနေပြီးမှ ကျွန်တော့် ဘာသာ သတိ ပြန်လည်လာတာ။ အဲဒါနဲ့ ဘေးကလူကို နှိုးပြီး နှစ်ယောက်သား အတူတူ အပြင်ကို ရုန်းထွက်ခဲ့ကြတာ” လို့ သူက ဆက်ပြောပါတယ်။

ကျောက်မီးသွေးတွင်းရဲ့ စီမံခန့်ခွဲရေး အဖွဲ့က လူwချို့ကိုတော့ ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ သိရပါတယ်။ ဓာတ်ငွေ့ပေါက်ကွဲရတဲ့ အကြောင်းရင်း ကို အခုထိ ထုတ်ပြန်ခြင်း မရှိသေးပေမဲ့၊ အနံ့ မရှိဘဲ အလွန်အဆိပ်ပြင်းတဲ့ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့ ပမာဏဟာ ကျောက်မီးသွေး တွင်းထဲမှာ သတ်မှတ်ချက်ထက် ကျော်လွန်နေတာ ကို တွေ့ရှိခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနကတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီပေးဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့ ၆ ဖွဲ့ကနေ လူအင်အား ၃၄၅ ဦးကို စေလွှတ်ပေးထားပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version