THN Public Media Blog သတင်း နိုင်ငံတကာ ထရမ့်ရဲ့ အဓိက ကျတဲ့ ICE အကြီးအကဲ မင်နီယာပိုလစ် မြို့ကနေ ထွက်ခွာတော့မယ်
နိုင်ငံတကာ

ထရမ့်ရဲ့ အဓိက ကျတဲ့ ICE အကြီးအကဲ မင်နီယာပိုလစ် မြို့ကနေ ထွက်ခွာတော့မယ်

ဇန်နဝါရီ ၂၇ – ၂၀၂၆

အမေရိကန်ကို တရားမဝင် ဝင်ရောက်လာသူတွေကို အပြင်းအထန် ဖမ်းဆီးတဲ့ သမ္မတ ထရမ့်ရဲ့ နှိမ်နင်းမှုမှာ အဓိကကျတဲ့ လူဝင်မှု ကြီးကြပ်ရေး ICE အကြီးအကဲ Gregory Bovino ဟာ ဖမ်းဆီးမှုကြောင့် ပြဿနာတွေ ဖြစ်နေတဲ့ မင်နီယာပိုလစ်မြို့ ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ICE အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အမေရိကန်နိုင်ငံသား Alex Pretti ဒုတိယမြောက် သေဆုံးခဲ့ပြီးနောက်၊ အခုလို လူဝင်မှုကြီးကြပ်ရေးအရာရှိ Gregory Bovino မင်နီယာပိုလစ် မြို့ကနေ ပြန်ထွက်သွားဖို့ မျှော်လင့်ရပြီး ဒါဟာ အိမ်ဖြူတော် ရဲ့ သဘောထား ပြောင်းလဲလာတာ ဖြစ်ပါတယ်။

ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ကတော့ သေဆုံးသွားတဲ့ Alex Pretti Pretti မှာ လက်နက်ပါရှိပြီး လက်နက်သိမ်းဖို့ လုပ်တာကို ခုခံ တဲ့အတွက် အေးဂျင့်တွေက ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့ အနေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

မျက်မြင်သက်သေတွေ၊ ဒေသန္တရအရာရှိတွေနဲ့ သေဆုံးသူရဲ့ မိသားစု ဝင်တွေ ကတော့ အခုလို ပြောဆိုချက်ကို ငြင်းဆိုလိုက်ပြီး Pretti လက်ထဲမှာ ဘာ လက်နက်မှ မဟုတ်ဘဲ ဖုန်းတလုံးသာ ရှိနေခဲ့ကြောင်း ထောက်ပြခဲ့ကြပါတယ်။

သမ္မတ ထရမ့်ရဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြင်းထန်လှတဲ့ လူဝင်မှု ကြီးကြပ်ရေး နှိမ်နင်းမှု ကနေ ပြန်လည်လျှော့ချဖို့ ညွှန်ပြနေတာ ဖြစ်နိုင်ပါတယ်။

အခုလို ICE အကြီးအကဲ ပြန်ထွက်ခွာမယ် ဆိုပေမယ့်လည်း လူဝင်မှုကြီးကြပ်ရေး ဝင်ရောက်စီးနင်းမှုတွေဟာ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

“အခုအချိန်မှာ လူအများအပြား အလုပ်မလုပ်နိုင်ကြဘူး၊ သူတို့ အိမ်ကနေ အပြင်မထွက်ရဲကြဘူး၊ သူတို့ ကြောက်နေကြတယ်” လို့ စိန့်ပေါလ်မြို့ နေထိုင်သူ George Cordero က ပြောပါတယ်။

သမ္မတဟောင်း ဘားရက်အိုဘားမားက Alex Pretti အသတ်ခံရမှုကို “နှလုံးကြေကွဲဖွယ်ရာ အဖြစ်ဆိုး” လို့ ဖော်ပြခဲ့ပြီး ဒါဟာ ပါတီစွဲမရှိဘဲ အမေရိကန်နိုင်ငံသားတိုင်းအတွက် သတိပေးချက်’’ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ ICE အေးဂျင့်တွေက မြို့ခံတွေကို ခြိမ်းခြောက်တာ၊ ရန်စတာနဲ့ အန္တရာယ် ဖြစ်အောင် လုပ်ဆောင်နေတာတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အခုလို အပြစ်မဲ့သူတွေ သေဆုံး နေရတာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အစိုးရ အနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်သုံးသပ်ပြီး ဒေသန္တရ အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို၊ မတရားမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ထပ်သမ္မတဟောင်း တဦးဖြစ်တဲ့ ဘီလ်ကလင်တန် ကတော့ Renee Good နဲ့ Alex Pretti တို့ သေဆုံးမှုဟာ “လက်ခံနိုင်စရာမရှိသလို ရှောင်လွှဲလို့ရတဲ့ကိစ္စ” ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိအစိုးရဟာ ပြည်သူတွေကို လိမ်ညာနေပြီး ကိုယ်တိုင်မြင်တွေ့နေရတဲ့ အမှန်တရားတွေကို မယုံကြည်ဖို့ ပြောဆိုနေတယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်အေးဂျင့်တွေရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို ရှုံ့ချခဲ့ပြီး အမေရိကန်ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လွတ်လပ်ခွင့်တွေကို အဆုံးရှုံးမခံဘဲ မားမားမတ်မတ် ရပ်ပြီး အမှန်တရားအတွက် ထုတ်ဖော်ပြောဆိုကြဖို့၊ ဒီနိုင်ငံဟာ “ပြည်သူတွေရဲ့ နိုင်ငံ” ဖြစ်ကြောင်း ပြသကြဖို့ တိုက်တွန်းခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version