ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ အကြား တကျော့ပြန် ရက်ပေါင်း ၂၀ ကြာ ဖြစ်ပွားခဲ့တဲ့ နယ်စပ် တိုက်ပွဲတွေ “ချက်ချင်း အပစ်အခတ်ရပ်စဲရေး” သဘောတူညီချက်ကို ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချန်သဘူရီခရိုင်ရှိ နယ်စပ်ဂိတ်တခုမှာ လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
အပစ်အခတ်ရပ်စဲရေး ကို ဒီကနေ့ မွန်းတည့် ၁၂ နာရီမှာစတင် အသက်ဝင်ခဲ့ပြီး အပစ်အခတ်ရပ်စဲမှု အမှန်တကယ် ဟုတ်မဟုတ်ကို လာမည့် ၇၂ နာရီ အတွင်း “စောင့်ကြည့်ကာလ” အဖြစ် သတ်မှတ် ကာ၊ တိုက်ပွဲတွေ ထပ်မံ မဖြစ်ပွားဘူးဆိုရင် ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သုံ့ပန်း ၁၈ ဦးကို ထိုင်းဘက်ကနေ ပြန်လည်လွှတ်ပေးမှာ ဖြစ်ပါတယ်။
နှစ်ဘက်စလုံး အနေနဲ့ တပ်လှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားဖို့နဲ့ စစ်ဘေးရှောင် ပြည်သူတွေကို နေရပ် ပြန်ခွင့် ပြုဖို့ သဘောတူခဲ့ကြပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ နယ်စပ်ပြဿနာ အတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ နဲ့ တွေ့ဆုံဖို့ ယူနန်ပြည်နယ်ကို တနင်္ဂနွေနေ့မှာ သွားရောက်ကြမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းက ပြန်လည်စတင်ခဲ့တဲ့ ဒီတိုက်ပွဲတွေကြောင့် အနည်းဆုံး နှစ်ဘက် လူပေါင်း ၁၀၁ ဦး သေဆုံးခဲ့ပြီး၊ ဒေသခံပြည်သူ ၅ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
မနေ့က ကမ္ဘောဒီးယားဘက်က ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား ၃ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် (Anutin Charnvirakul) က ထိုင်းစစ်တပ် အနေနဲ့ နယ်မြေစိုးမိုးရေးကို အပြည့်အဝ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပေမယ့် တိုက်ပွဲမဖြစ်မီ နေရာတွေကနေ နောက်ဆုတ်ပေးမှာ မဟုတ်ဘူးလို့ ပြောကြားပါတယ်။
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဗရာဟင် က ယခု သဘောတူညီချက်ကို ကြိုဆိုလိုက်ပြီး အာဆီယံစောင့်ကြည့်ရေးအဖွဲ့ (ASEAN Observer Team) ရဲ့ စစ်ဆေးမှုတွေကို ခံယူဖို့ နဲ့ နှစ်ဘက်စလုံးက ကတိအတိုင်း လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
အခု အပစ်အခတ်ရပ်စဲရေးဟာ အရင် အောက်တိုဘာလက ကွာလာလမ်ပူမှာ သဘောတူခဲ့တဲ့ အချက်တွေ အပေါ် အခြေခံထားတာ ဖြစ်ပေမယ့် နှစ်နိုင်ငံအကြား ကီလိုမီတာ ၈၀၀ နီးပါးရှိတဲ့ နယ်စပ်မျဉ်းတွေကို တိတိကျကျ သတ်မှတ်ထားနိုင်ခြင်း မရှိသေးတဲ့အတွက် အခု ငြိမ်းချမ်းရေးဟာ ရေရှည်ခိုင်မြဲပါ့ မလားဆိုတာ စိန်ခေါ်မှုတရပ် အဖြစ် တွေ့မြင်နေရပါတယ်။
ref: bangkok post
—————————
THN Public Media
