ထိုင်းနိုင်ငံ ၊ ပထုံဌာနီ ခရိုင်မှာ မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ကားတစီး မနေ့ ညတုန်းက တိမ်းမှောက်ပြီး ခြောက်ဦး သေဆုံးကာ ၇ ယောက် ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၁၀ နာရီ ကျော်လောက်မှာ တိမ်းမှောက် ခဲ့တာ ဖြစ်ပြီး ကားပေါ်ပါ မြန်မာလုပ်သား တွေဟာ အလည် အပတ် ဘုရားဖူးသွား ရောက်စဥ် လမ်းပေါ်ရှိ ဘရိတ်တုံးကို ဝင်တိုက်မိပြီး ကားက ရေထဲကိုပြုတ်ကျကာ သေဆုံးသူ တွေရှိခဲ့တာ ဖြစ်တယ်လို့ ထိုင်းရောက် မြန်မာတွေ ဆီက သိရပါတယ်။
အဆိုပါကားပေါ်မှာ ၁၃ ယောက် လိုက်ပါလာတာဖြစ်ပြီး အဲဒီထဲကမှ ခုနှစ်ယောက်ကို ကယ်တင်ထားနိုင်ပြီး ကျန် ခြောက်ယောက်က သေဆုံးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
” ငါးမျက်နှာ ဘုရားသွားဖူးရင်း ကားမှောက်တာပါ။ ပိတ်ရက်ဆို တော့ ကားစင်းလုံးငှားပြီး သွားကြတာပါ။ သေတဲ့အထဲမှာ လင်မယားစုံတွဲ တွေလည်းပါတယ်။ မိန်းမက သေပြီး ယောကျ်ားဖြစ်သူက ဆေးရုံ ရောက်နေတာ လည်းပါတယ်။ သေဆုံးတဲ့ အထဲမှာ ပဲခူးတိုင်း ဖဒိုမြို့က လင်မယား နှစ်ယောက် ပါတယ်။ စက်ရုံ အလုပ်သမားတွေပါ။ သေဆုံး ခြောက်ယောက်မှာ အခုက သုံးယောက် အလောင်း တွေ့ပြီ ။ ကျန်သုံးယောက် အလောင်း ကတော့ ရှာမတွေ့သေးဘူး သိရတယ်။ ကားက မှောက်ပြီး ရေထဲပြုတ်ကျသွားတာ လို့သိရတယ် ။ ” လို့ ဖြစ်စဥ် သိရှိသူ ထိုင်းရောက်မြန်မာ လုပ်သားက ပြောပါတယ်။
ကားမှောက်မှု အတွင်း ထိခိုက် ဒဏ်ရာရရှိ သူတွေထဲမှာ နှစ်ယောက်က ပြင်းထန်တဲ့ အခြေအနေ ရှိပြီး ဆေးကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ ရာ့ချ်ဘူရီပြည်နယ် ထဲက ကျေးရွာတခုမှာ မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ကားတစီး ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ မြောင်းထဲထိုးကျပြီး ကားပေါ်ပါ သူတွေထဲက မြန်မာလုပ်သား ကိုးယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Photo – Khaosod
Crd – VOM
—————————
THN Public Media
