THN Public Media Blog သတင်း နိုင်ငံတကာ ထိုင်းရဲဖမ်းလို့ မောင်းပြေးတဲ့ကား တိမ်းမှောက်၊ မြန်မာ ၂၀ ကျော် ဒဏ်ရာရ
နိုင်ငံတကာ

ထိုင်းရဲဖမ်းလို့ မောင်းပြေးတဲ့ကား တိမ်းမှောက်၊ မြန်မာ ၂၀ ကျော် ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၆ – ၂၀၂၆

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်မှာ ဒီကနေ့ မနက်ပိုင်းက မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ ကားတစီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးချိန် မောင်းပြေးရာမှ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား အယောက် ၂၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မောင်းခရိုင်၊ ဝမ်ဒန်းဒေသခွဲ၊ နောင်ဆမ်ဖရန် ကျေးရွာ အုပ်စုရှိ အဝေးပြေး လမ်းမကြီးပေါ်မှာ ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ကားကို စစ်ဆေးမလို့ တားတဲ့အချိန်မှာ အရှိန်နဲ့ မောင်းပြေးတာပေါ့။ လမ်းချော်ပြီး ပြောင်းပြန် တိမ်းမှောက်သွားတာပါ။ ကားမှောက်တဲ့ အချိန်မှာ လူတွေက လမ်းပေါ်ကို လွှင့်စင်ကျကုန်တယ် ပြောကြတယ်။ ကားပေါ်မှာတော့ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း အယောက် ၅၀ ကျော်၊ ၆၀ ဝန်းကျင်လောက် ပါလာတာ။ အဲဒီထဲက ၂၃ ယောက် ဒဏ်ရာ ရသွားတယ်။ တယောက်က စိုးရိမ်ရတယ်” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။

အဲဒီ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူတွေကို ထိုင်းလူမှုကယ်ဆယ်ရေး အဖွဲ့က လူနာတင်ကားတွေနဲ့ ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာ မရတဲ့ သူတွေကိုတော့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ယာဉ်မောင်းကတော့ အခင်းဖြစ် နေရာကနေ ထွက်ပြေး လွတ်မြောက် သွားတာကြောင့် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသလို ကွင်းဆက် တရားခံတွေနဲ့ လူကုန်ကူးသူတွေကိုပါ တပါတည်း ဖော်ထုတ် ဖမ်းဆီးနိုင်ဖို့ ဆက်လက် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ထိုင်းသတင်း ဖော်ပြချက်အရ အဝေးပြေးရဲတပ်ဖွဲ့ဟာ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်မှုတွေကို စစ်ဆေးဖို့ ကင်းလှည့်နေချိန် ဆိုင်းယော့ခ် ခရိုင် ဘက်ကနေ မြို့ထဲကို ဦးတည် မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစီးကို မသင်္ကာတာကြောင့် စစ်ဆေးဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကားသမားက ရပ်မပေးဘဲ အရှိန်တင်ပြီး မောင်းပြေး သွားခဲ့ တာကြောင့် ရဲတပ်ဖွဲ့က ကားနဲ့ လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့စဉ် ဝမ်ဒန်း ကျေးရွာနား အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုလို အဖမ်းအဆီးတွေ တင်းကျပ်နေတဲ့အချိန် တရားမဝင် လမ်းကြောင်း တွေကနေ ထိုင်းဘက် လာနေကြတာ အရမ်းကို အန္တရာယ် များလွန်းပါတယ်။ ပွဲစားတွေ ကတော့ အားလုံး ကောင်းပါတယ်ပြောပြီး ခေါ်နေကြမှာပဲ။ တကယ်တမ်း တခုခုဖြစ်ရင် သူတို့ကအရင် ရှောင်သွား ကြတာ။

အလုပ်သမားတွေ ကတော့ ငွေလည်းဆုံး၊ အဖမ်းလည်းခံရ၊ နောက်ဆုံး ကိုယ့်နိုင်ငံကို ပြန်ပို့ခံနေရနဲ့ နစ်နာနေကြတာ။ မလာခင် ကိုယ်သွားမယ့် နေရာရဲ့ အခြေအနေ အရပ်ရပ်ကို အတတ်နိုင်ဆုံး ကြိုတင် လေ့လာ ကြစေချင်ပါတယ်။ ဒီအချိန်မှာ ထိုင်းဘက်ကို မလာသေးတာ အကောင်းဆုံးပါ” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အခုလို မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ကားတွေ ယာဉ်မတော်တဆမှု မကြာခဏ ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ကလည်း ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ စီရာချာ မြို့နယ်၊ အဝေးပြေး လမ်းမကြီးပေါ်က ပင်ထောင် (၃) စက်မှုဇုန်ရှေ့မှာ မြန်မာ လုပ်သားတွေ တင်ဆောင်လာတဲ့ Isuzu ပစ်ကပ်ကား အပါအဝင် ကား လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး မြန်မာ ၁၈ ယောက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ ပါသေးတယ်။

လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံ အတွင်း ရောက်ရှိနေတဲ့ ရွှေ့ပြောင်း လုပ်သားတွေကို အရှိန်မြှင့် စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေသလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ ကိုလည်း တင်းကျပ်စွာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

Photo – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version