THN Public Media Blog သတင်း နိုင်ငံရေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထောင်က ပြန်လွတ်ပြီ
နိုင်ငံရေး

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ထောင်က ပြန်လွတ်ပြီ

Thailand's former prime minister Thaksin Shinawatra looks on as he is greeted by his family members and relatives upon his release at Klong Prem Central Prison in Bangkok on May 11, 2026. Thailand's former prime minister Thaksin Shinawatra was released early from prison on May 11, raising the prospect of a return to the spotlight for the political heavyweight. (Photo by Lillian SUWANRUMPHA / AFP via Getty Images

မေလ ၁၁ – ၂၀၂၆

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ဟာ ၈ လာကြာ ထောင်ကျ ခဲ့ပြီးနောက် အခုတော့ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူစဉ် အာဏာအလွဲသုံးစားမှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် ချမှတ် ခံထားရတဲ့ ထောင်ဒဏ် တနှစ်ထဲက အချို့ကို ကျခံပြီးနောက် ကျန်တဲ့ လပိုင်းကို လွတ်ငြိမ်းခွင့်ပေးလိုက်ပေမယ့် အသက် ၇၆ နှစ် အရွယ် သက်ဆင်ကို ခြေရာခံ လိုက်နိုင်ဖို့ သူရဲ့ ခြေကျင်းဝတ်မှာ အီလက်ထရောနစ် ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ဆံပင်တိုတိုနဲ့ ရှပ်အင်္ကျီဖြူ ဝတ်ဆင်ထားတဲ့ သက်ဆင်ဟာ ဘန်ကောက်မြို့ Klong Prem အကျဉ်းထောင် ကနေ ထွက်လာခဲ့ပြီး၊ အနီရောင် ဝတ်ဆင် ထားတဲ့ ထောက်ခံသူ ရာပေါင်းများစွာက ကြွေးကြော် ပြီး ကြိုဆိုခဲ့ကြ ပါတယ်။

သူ့ရဲ့သမီးဖြစ်သူလည်းဖြစ်၊ နိုင်ငံရေးအရ လက်တွဲဖော်လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ပေထောင်တန် ရှင်နာဝပ် အပါအဝင် မိသားစုဝင်တွေ လာရောက် ကြိုဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ရဲ့ အချိန်အတော် များများကို ပြည်ပမှာ အဝေးရောက် အနေနဲ့ ကုန်ဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ၈ လတာကို အကျဉ်းထောင် ထဲမှာ ဖြတ်သန်းခဲ့ရပေမဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ အရိပ် အာဝါသ ကတော့ ထိုင်းနိုင်ငံရေး အပေါ် လွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။

အခုအချိန်က စပြီး သက်ဆင်ဟာ နောက်ကွယ်မှာပဲ နေတော့မှာ ဖြစ်တယ် လို့ သူ့ရဲ့ ဖြူထိုင်းပါတီက အခိုင်အမာ ပြောနေပေမဲ့လည်း၊ သူဟာ ထိုင်းနိုင်ငံရေး မှာ ဘယ်လို အခန်းကဏ္ဍ ကနေ ပါဝင်လာဦးမလဲ ဆိုတာ ကိုတော့ မီဒီယာတွေကြားမှာ အကြီးအကျယ် ခန့်မှန်းတွက်ချက် နေကြပါတယ်။

ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလမှာ အာဏာရ လာခဲ့တဲ့ အချိန်ကစလို့ ကိုယ်တိုင်ကြိုးစားပြီး ဘီလီယံနာ ဖြစ်လာတဲ့ ပွင့်လင်းလွန်းသူ သက်ဆင်ဟာ သူ့နိုင်ငံကို ပုံဖော်ဖို့ ကြိုးစားခဲ့ပြီး၊ အမာခံ ထောက်ခံသူတွေ ရရှိခဲ့သလို ခါးခါးသီးသီး ဆန့်ကျင်သူတွေကိုလည်း အညီအမျှ ရရှိခဲ့ပါတယ်။

၂၀၀၆ ခုနှစ် စက်တင်ဘာလမှာ အာဏာသိမ်းခံရပြီး ရာထူးက ဖယ်ရှား ခံခဲ့ရပေမဲ့လည်း သူ့ရဲ့ ပါတီတွေဟာ ရွေးကောက်ပွဲတွေမှာ ဆက်တိုက် အနိုင်ရနေခဲ့ပါတယ်။

ဒါပေမဲ့ ဘုရင်လိုလားသူ အင်အားကြီး အသိုင်းအဝိုင်း ကတော့ သူ့ရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို ကြောက်ရွံ့တာကြောင့် သူ့ရဲ့ မဟာမိတ်တွေ အပေါ် တရားရုံး ကနေ ဆန့်ကျင် ကန့်ကွက်တဲ့ ဆုံးဖြတ်ချက် တွေ ချမှတ်တာ၊ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့ လမ်းပေါ် ထွက် အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ပွားတာနဲ့ ၂၀၁၄ ခုနှစ်မှာ နောက်ထပ် အာဏာသိမ်းမှု တခု ဖြစ်ပေါ်လာတာတွေ အထိ ကြုံခဲ့ရ ပါတယ်။

ဒါတောင်မှ သူဟာ နောက်ဆုတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူဟာ ပြည်ပ ကနေ သူ့ရဲ့ ပါတီကို ဆက်လက်ဦးဆောင်ခဲ့ပြီး၊ ကြီးမားတဲ့ အပေးအယူ တခု လုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ သူ့ကို ဆန့်ကျင်တဲ့ ရှေးရိုးစွဲ ဝါဒီတွေက ၂၀၂၃ ခုနှစ်မှာ သူ့ကို နိုင်ငံကို ပြန်လာ ခွင့်ပေးခဲ့ပြီး၊ အစိုးရ အဖွဲ့ထဲ ပြန်ရောက်လာတဲ့ ပါတီကို ဦးဆောင်ဖို့ ခွင့်ပြုခဲ့ကြပါတယ်။

သက်ဆင်ဟာ မြေးတွေနဲ့ အချိန်ပို ပေးချင်တယ်လို့ ဘယ်လိုပဲ ပြောပြော၊ နောက်ကွယ်မှာ ငြိမ်ငြိမ်လေး ထိုင်နေနိုင်မယ့်သူမျိုး မဟုတ်ဘူးလို့ ထင်ရ ပါတယ်။

ဒါပေမဲ့ ဒီတကြိမ်မှာတော့ တကယ်ပဲ ထူးခြားသွားနိုင်ပါတယ်။

ထိုင်းနိုင်ငံကို ပြန်ရောက်ပြီးနောက် ရဲဆေးရုံမှာ ၆ လကြာ တက်ရောက် ခဲ့တာဟာ ပြစ်ဒဏ် ကျခံရမှာကို ရှောင်လွှဲဖို့ လှည့်ကွက်တခုသာ ဖြစ်တယ် လို့ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် သက်ဆင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လမှာ ထောင်ထဲကို အမှန်တကယ် ရောက်သွားခဲ့ပါတယ်။

ဒီလို စီရင်ချက် ထွက်ပေါ်လာတာဟာ ဖြူထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရ ပြိုကွဲသွားပြီး နှစ်ပတ်တောင် မပြည့်ခင်မှာ ဖြစ်ပေါ်ခဲ့တာပါ။

အဲဒီတုန်းက ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန်နဲ့ နှစ်နိုင်ငံ နယ်စပ် ပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ဖုန်းနဲ့ ပြောဆိုခဲ့တဲ့ အသံဖိုင် ပေါက်ကြားသွားတာကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ပေထောင်တန်ကို ဝန်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

တခါပြန်ပြီးတော့ အင်အားကြီးတဲ့ ရှေးရိုးစွဲ တရားရုံးတွေဟာ အရင်တုန်း ကလိုပဲ သူ့ပါတီရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးခဲ့ပြန်ပါတယ်။

သက်ဆင် ထောင်ထဲမှာ ရှိနေစဉ် အတွင်း ဖေဖော်ဝါရီလ အထွေထွေ ရွေးကောက်ပွဲမှာတော့ ဖြူထိုင်းပါတီဟာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်နဲ့ ကြုံခဲ့ရပါတယ်။

ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ပြည်သူ့ပါတီ People’s Party ရဲ့ နောက်မှာ တတိယ နေရာကို ရောက်သွားခဲ့ရသလို၊ ကမ္ဘောဒီးယားနဲ့ နယ်စပ် စစ်ပွဲဖြစ်ပွား ပြီးနောက် အမျိုးသားရေး စိတ်ဓာတ်တွေ မြင့်တက်လာမှု ကြောင့် အသာစီးရသွားတဲ့ ရှေးရိုးစွဲ ဘွန်ဂျိုင်ထိုင်း Bhumjaithai ပါတီရဲ့ ကျော်တက်ခြင်း ကိုလည်း ခံခဲ့ရပါတယ်။

ဒါကြောင့် ဖြူထိုင်းပါတီဟာ အစိုးရသစ်မှာ အငယ်တန်း ညွန့်ပေါင်း မိတ်ဖက် အဖြစ် ပါဝင်ရတဲ့ အခြေအနေကို လက်ခံခဲ့ရပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version