THN Public Media Blog သတင်း နိုင်ငံရေး အာဆီယံနိုင်ငံ အနည်းငယ်က မြန်မာအစိုးရ အပေါ် ခွဲခြား ဆက်ဆံ ချန်လှပ်ထား ပြီး အာဆီယံ ပဋိညာဉ် ကို ချိုးဖေါက်နေတယ်လို့ ထုတ်ပြန်
နိုင်ငံရေး

အာဆီယံနိုင်ငံ အနည်းငယ်က မြန်မာအစိုးရ အပေါ် ခွဲခြား ဆက်ဆံ ချန်လှပ်ထား ပြီး အာဆီယံ ပဋိညာဉ် ကို ချိုးဖေါက်နေတယ်လို့ ထုတ်ပြန်

မေလ ၁၁ – ၂၀၂၆

အာဆီယံအဖွဲ့ဝင် နိုင်ငံအနည်းငယ်က မြန်မာအစိုးရ အပေါ် ခွဲခြား ဆက်ဆံပြီး တန်းတူ ကိုယ်စားပြုမှုကို ချန်လှပ်ထားကာ အာဆီယံ ပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ်(၂) ပါ အခြေခံမူတွေကို ဖောက်ဖျက် နေကြောင်း၊ ဒါ့အပြင် အာဆီယံအဖွဲ့ဝင် တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် ဝေဖန် ပြောဆို ဖိအားပေးတာတွေကို လုပ်ဆောင် နေတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

#ထုတ်ပြန်ချက် အပြည့်အစုံ

———————

သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အောင်မြင်စွာ ကျင်းပခဲ့ပါ သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒဿမ၂၃ သန်းရှိသည့် အနက် ဆန္ဒမဲပေးသူ ၁၃ ဒဿမ ၁၃ သန်းကျော်သည် ၎င်းတို့၏ လွတ်လပ်သော ဆန္ဒသဘောထားများဖြင့် ဆန္ဒမဲပေးခဲ့ကြပြီး၊ ပြည်သူများက ရွေးချယ်ခဲ့သည့် လွှတ်တော်နှင့် လွှတ်တော်က ရွေးချယ် တင်မြှောက် သည့် နိုင်ငံတော် သမ္မတဦးဆောင်သော အစိုးရတစ်ရပ် ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထိုစဉ်အာဏာရအစိုးရက မဲမသမာမှု များကို ဆိုးရွားစွာ ပြုလုပ်ခဲ့ကြပြီး အဆိုပါရွေးကောက်ပွဲသည် တရားမျှတမှု မရှိကြောင်း နိုင်ငံရေးပါတီများနှင့် ပြည်သူ များက တောင်းဆိုမှုအရ စိစစ်စုံစမ်းခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ ၃၈ ဒဿမ၂ သန်း ကျော်အနက် မဲမသမာမှု ၁၁ ဒဿမ ၃ သန်း ကျော်ပေါ်ပေါက်ခဲ့ကြောင်း သိသာထင်ရှားစွာ စိစစ်တွေရှိခဲ့သဖြင့် ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ခဲ့ပါသည်။

မသမာသောနည်းလမ်းများ အသုံးပြု၍ အာဏာရယူလိုသည့် တာဝန်ရှိသူ များတွင် အဂတိအမှုနှင့် အခြားသောပြစ်မှုတို့ကို ကျူးလွန်ကြောင်း ထင်ရှား ပေါ်လွင်သဖြင့် တရားဥပဒေ နှင့်အညီ တရားရုံးက ပြစ်မှုထင်ရှား စီရင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအသစ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ကျင်းပ ခဲ့ရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံ အများစု က နားလည်သဘောပေါက်ပြီး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် လိုသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနက် အနည်းငယ်သော နိုင်ငံများက မြန်မာအစိုးရအပေါ် ကန့်သတ်မှုများ၊ ခွဲခြား ဆက်ဆံမှုများ၊ တန်းတူ ကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများကို ဆက်လက် ပြုလုပ်ရန် ကြိုးပမ်းနေပြီး၊ အာဆီယံ ပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ်(၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန် ပြောဆိုခြင်း၊ ဖိအားပေးခြင်းများကို ဆောင်ရွက် လျက် ရှိသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှ စတင်၍ အာဆီယံ၏ လုပ်ငန်းစဉ်များကို အာဆီယံတူညီ ဆန္ဒများနှင့် အညီ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် တာဝန်ယူမှုရှိသော အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ၏ ယန္တရားများနှင့် လှုပ်ရှားမှုများ အတွက် နှစ်စဉ်ထည့်ဝင်ငွေများ ပေးဆောင်ခြင်း အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံ၏ တာဝန်ဝတ္တရား များကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။

လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်းက အာဆီယံနိုင်ငံအချို့၏ သဘောထားဖြင့် မြန်မာနိုင်ငံ အပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ် သော်လည်း မြန်မာနိုင်ငံ အနေဖြင့် စိတ်ရှည်သည်းခံ၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အပြုသဘော မဆောင်သည့် ခွဲခြားဆက်ဆံမှုများကို နိုင်ငံတော် အစိုးရအသစ် လက်ထက်တွင် ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းနေမှု များသည် ဒီမိုကရေစီနည်းလမ်း တကျ မဲပေးခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒ သဘောထားများကို လျစ်လျူရှုရာရောက်ပါသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တူညီဆန္ဒ မရရှိသေးလင့် ကစား မြန်မာနိုင်ငံ သည် အာဆီယံ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ ဆက်ဆံမှုများကိုဆက်လက် ဆောင်ရွက်လျက်ရှိ ပါသည်။

မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများအပေါ် ထောက်ခံ ကူညီပေး ခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေအပေါ်မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် မြန်မာ ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင် လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြော ရေးနှင့် မြန်မာ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ် စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်

See less

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version