THN Public Media Blog သတင်း နိုင်ငံတကာ ထိုင်းဝန်ကြီးချုပ် အနုတင် က ကျားဖျန့် တိုက်ဖျက်ရေး စစ်ကြေညာ၊ ကျားဖျန့်လိမ်လည်သူတွေကို နိုင်ငံတော်ရဲ့ ရန်သူအဖြစ်သတ်မှတ်
နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အနုတင် က ကျားဖျန့် တိုက်ဖျက်ရေး စစ်ကြေညာ၊ ကျားဖျန့်လိမ်လည်သူတွေကို နိုင်ငံတော်ရဲ့ ရန်သူအဖြစ်သတ်မှတ်

နိုဝင်ဘာ ၁၁ – ၂၀၂၅

ထိုင်းဝန်ကြီးချုပ် အနုတင် ချာဝီရာကူလ် က အွန်လိုင်း လိမ်လည်မှုနဲ့ ဆိုက်ဘာ ရာဇဝတ်မှုတွေ နဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ ရှင်းလင်းမှု စစ်ဆင်ရေး ရလဒ်တွေကို မနေ့က ထုတ်ဖေါ်လိုက်ပြီး ကျားဖျန့် လိမ်လည် ဂိုဏ်းတွေကို အလုံးစုံ စစ်ပွဲ ဆင်နွှဲသွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ကျားဖျန့် လိမ်လည်သူတွေကို “နိုင်ငံတော်ရဲ့ ရန်သူတွေ” အဖြစ် ကြေညာ ကာ လုံးဝ သည်းခံမှာ မဟုတ်တဲ့ မူဝါဒ ရပ်တည်ချက် ကို ဝန်ကြီးချုပ်က အတည်ပြုခဲ့ပါတယ်။

ရဲချုပ် Pol Gen Kittharath Punpetch နဲ့ အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တွင် ဝန်ကြီးချုပ် အနုတင်က ‘’ကျားဖျန့်ဆန့်ကျင်ရေး ညီညွတ်သောအစိုးရ’’ အစီအစဉ်ဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ် ကွန်ရက် တွေကို ဖြိုခွင်းပြီး ဒစ်ဂျစ်တယ် စီးပွားရေး အပေါ် ပြည်သူလူထု ရဲ့ ယုံကြည်မှု ကို ပြန်လည်ရယူဖို့ အတွက် အောင်မြင်မှု တခု ဖြစ်ကြောင်း ချီးကျူး ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး ဝန်ကြီးချုပ် အနုတင်က အောက်တိုဘာ ၂၇ ရက် ကနေ နိုဝင်ဘာ ၈ ရက် အတွင်း နိုင်ငံတဝန်း ဟန်ချက်ညီ စီးနင်းမှုတွေ ကနေ သံသယရှိသူပေါင်း ၇၁၇၄ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အဖွဲ့လိုက်ဖြစ်ပြီး ရာဇဝတ်မှု (၉၀)၊ ငွေလွှဲ ပြောင်းဖို့ သက်သက် အသုံးပြုတဲ့ ဘဏ်အကောင့်တွေနဲ့ တရားမဝင် ဆင်းမ်ကတ် (၇၉၅) မှု၊ တရားမဝင် ဆက်သွယ်ရေး ကိရိယာတွေနဲ့ အထိုင်စက်တွေ နဲ့ ဆက်စပ်တဲ့ (၁၁) မှုတို့ နဲ့ ဝရမ်း ထုတ်ခံထားရသူတွေ ဖြစ်ကြပါတယ်။

အဓိက အွန်လိုင်း လောင်းကစား ဝက်ဘ်ဆိုက် ၂၆ ခု ကို ပိတ်ပစ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားက ကျားဖျန့် ကွန်ရက်တွေကို သွားမယ့် ထိုင်းနိုင်ငံသား ၁၂၃ ဦး ကို ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ တရားမဝင် လောင်းကစား ပလက်ဖောင်း တွေကို ကြော်ငြာပေးတဲ့ ဆိုရှယ်မီဒီယာမှာ လူသိများသူ ၂၂ ဦး ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။

ဘတ်ငွေ ၄၁.၇ သန်းကျော် တန်ဖိုးရှိ ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့ပြီး၊ ဘတ်ငွေ ၃၁ သန်း ကို ရဲတပ်ဖွဲ့က ပြန်ရအောင် ယူနိုင်ခဲ့ကာ အလိမ် ခံရ သူတွေ ဆီ ပြန်လည် ပေးအပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ကတည်းက စုစုပေါင်း ခိုးယူခံရတဲ့ ငွေ ဘတ် ၃၁၂ သန်း ကျော် ကို ပြန်လည် ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆိုက်ဘာ ရာဇဝတ်မှု တိုက်ဖျက်ရေး အဖွဲ့ (PCT) ရဲ့ လက်ထောက် ကော်မရှင်နာချုပ် Pol Lt Gen Jirabhop Bhuridej က ကမ္ဘာတဝန်း လိမ်လည်မှုတွေကြောင့် ဆုံးရှုံးရမှုဟာ အမေရိကန်ဒေါ်လာ ထရီလီယံနဲ့ချီ ကျော်လွန် နေပြီး အာရှဟာ ဆုံးရှုံးမှု အများဆုံးဖြစ်ကြောင်း ပြောကြား ပါတယ်။

ထိုင်းနိုင်ငံမှာ သုံးနှစ် အတွင်း ကျားဖျန့် လိမ်လည်မှုဖြစ်စဉ် တသန်းကျော် မှတ်တမ်း တင်ထားပြီး ဆုံးရှုံးမှုမှာ ဘတ် ၁၀၀ ဘီလီယံကျော် ရှိပါတယ်။

နေ့စဉ် အမှုပေါင်း ၁၀၀၀ ကျော် အသစ် ထပ်မံ အစီရင်ခံ နေရကြောင်း လည်း‌ပြောပါတယ်။

အရင်က ထိုင်းနိုင်ငံ အတွင်း အခြေစိုက်ခဲ့တဲ့ ကျားဖျန့် ကွန်ယက်တွေဟာ ထိုင်းအစိုးရရဲ့ တင်းကျပ်တဲ့ ကိုင်တွယ်မှုတွေကြောင့် ပထမပိုင်းမှာ တရုတ်ကို ပြောင်းရွှေ့သွားပြီး နောက်ပိုင်းကျတော့ အိမ်နီးချင်း နိုင်ငံတွေကို ပြောင်းသွားကြတယ်လို့ ဆိုပါတယ်။

နည်းပညာ ဆိုင်ရာ ရာဇဝတ်မှု နှိမ်နင်းရေး ကော်မတီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ အတွက် အစိုးရနဲ့ ပုဂ္ဂလိက အေဂျင်စီ ၁၅ ခု အကြား နားလည်မှု စာချွန်လွှာ (MoUs) တွေ လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံရေးသမား တချို့ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ကောလဟာလ တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် အနုတင်က “မည်သူမျှ ဥပဒေ အထက် တွင် မရှိ” ကြောင်း အလေးပေး ပြောကြားခဲ့ကာ သတင်းပေးသူ တွေကို အကာအကွယ် ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဝန်ကြီးချုပ်က ပြည်သူတွေကို လိမ်လည်မှု ကနေ ကာကွယ်ဖို့ အတွက် “မယုံနဲ့၊ အလျင်စလိုမလုပ်နဲ့ ၊ ငွေမလွှဲပါနဲ့ (Don’t Believe, Don’t Rush, Don’t Transfer)” ဆိုတဲ့ မူကို လိုက်နာဖို့ တိုက်တွန်းခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version