စက်တင်ဘာ ၂၁ – ၂၀၂၅
နယ်သာလန်နိုင်ငံ သယ်ဟိတ် မြို့မှာ စနေနေ့က ရွှေ့ပြောင်းအခြေချသူ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေရဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ ပါတယ်။ လူ ၃၀ ကို ဖမ်းဆီးခဲ့ပြီး ရဲအရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဆန္ဒပြသူ အများအပြားက ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပြီး တချို့က ကျောက်တုံးတွေ ပုလင်းတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့ကြပါတယ်။
လူ ၁၅၀၀ လောက်ဟာ မြို့ကိုဖြတ်ပြီး ဖောက်လုပ်ထားသော အဝေးပြေး လမ်းမကြီးကို ပိတ်ဆို့ခဲ့ကြပြီး ရဲကားတစီးကိုလည်း မီးရှို့ခဲ့ပါတယ်။
နယ်သာလန် ဝန်ကြီးချုပ် Dick Schoof က ရိုင်းစိုင်းတဲ့ အကြမ်းဖက်တဲ့ ထိတ်လန့်စရာ ကောင်းတဲ့ ဖြစ်စဥ်ကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဒါဟာ “လုံးဝလက်ခံနိုင်စရာမရှိဘူး” လို့ ပြောကြားလိုက်ပါတယ်။
လက်ရှိ လက်ယာစွန်း ခေါင်းဆောင် Geert Wilders ကို ဆန္ဒပြပွဲမှာ မိန့်ခွန်း ပြောကြားဖို့ ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်ခြင်း မရှိခဲ့ပါ။
သူက ရဲတပ်ဖွဲ့ ရဲ့ အကြမ်းဖက်မှုကို “လုံးဝလက်ခံနိုင်စရာမရှိဘူး’’ လို့ ရှုတ်ချ ပြောဆိုလိုက်ပြီး “လူမိုက်တွေရဲ့ လုပ်ရပ်” ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
အခုဆန္ဒပြပွဲကို လက်ယာစွန်း လှုပ်ရှားသူ တဦးက ဦးစီး ကျင်းပခဲ့တာ ဖြစ်ပြီး၊ ရွှေ့ပြောင်း အခြေချမှု ဆိုင်ရာ မူဝါဒတွေ ပိုမို တင်းကျပ်ဖို့နဲ့ ခိုလှုံခွင့် တောင်းခံသူတွေကို ကန့်သတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
ဒတ်ခ်ျအလံတွေနဲ့ လက်ယာစွန်းအဖွဲ့ အလံတွေကို ဝှေ့ယမ်းနေတဲ့ ဆန္ဒပြ လူအုပ်ကြီး ဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တွေ့ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ဆန္ဒပြသူတွေဟာ ဗဟိုလက်ဝဲယိမ်း D66 ပါတီ ရုံးချုပ် ပြတင်းပေါက် တွေကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ကြပါတယ်။
D66 ပါတီခေါင်းဆောင် Rob Jetten က ရုံးအတွင်းပိုင်း ပျက်စီး ဆုံးရှုံးမှု တွေ များပြားကြောင်း နဲ့ ဆန္ဒပြသူတွေကို “နိုင်ငံရေး ပါတီတွေနဲ့ ဝေးဝေး နေပါ” လို့ ပြောခဲ့ပါတယ်။
“ခင်ဗျားတို့ ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်ရင် ဆိုးဆိုးဝါးဝါး ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လှပတဲ့ နိုင်ငံကို အစွန်းရောက် ဆူပူ အကြမ်းဖက်သူ တွေက ဘယ်တော့မှ ရယူခွင့် ရှိမှာ မဟုတ်ဘူး” လို့ X လူမှုကွန်ရက်မှာ ဖေါ်ပြခဲ့ပါတယ်။