မတ်လ ၁၃ – ၂၀၂၆
ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ ရုရှားရေနံနဲ့ စက်သုံးဆီတွေကို တင်ဆောင်ပြီး ပင်လယ်ပြင်မှာ ရောက်ရှိနေတဲ့ သင်္ဘောတွေဆီကနေ နိုင်ငံတကာ အနေနဲ့ အဲဒီ ရုရှားရေနံနဲ့ စက်သုံးဆီတွေကို ဝယ်ယူခွင့် ပြုကြောင်း အမေရိကန်က ထုတ်ပြန်လိုက်ပါတယ်။
အခုလို လုပ်ဆောင်တာဟာ စစ်ပွဲအတွင်း ကမ္ဘာ့စွမ်းအင်စျေးကွက် တည်ငြိမ်စေဖို့ အတွက် ယာယီဆောင်ရွက်တဲ့ အစီအစဉ်ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားခဲ့ပြီး ဒီခွင့်ပြုချက်ဟာ ဧပြီလ ၁၁ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။
“ဒီအတိုင်းအတာဟာ လမ်းခရီးမှာ ရောက်ရှိနေပြီးသား ရေနံတွေ အတွက်ပဲ သီးသန့်ရည်ရွယ်တဲ့ ကာလတို အစီအစဉ်ဖြစ်လို့ ရုရှား အစိုးရအတွက် ကြီးမားတဲ့ ဘဏ္ဍာရေး အကျိုးအမြတ်မျိုး ရရှိစေမှာ မဟုတ်ပါဘူး” လို့ Bessent က ဆိုပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပင်လယ်ကွေ့ အတွင်း ကုန်တင်သင်္ဘော ၃ စင်း ထပ်မံ တိုက်ခိုက်ခံရပြီးနောက်မှာ ရေနံစျေးနှုန်းဟာ တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်ကို ပြန်တက်လာခဲ့သလို စတော့စျေးကွက် တွေလည်း ကျဆင်းသွားခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ရေနံ ငါးပုံတပုံခန့် ဖြတ်သန်းသွားလာနေတဲ့ အဓိက လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြားကို ဆက်လက် ပိတ်ဆို့ သွားမယ်လို့ အီရန်ခေါင်းဆောင်သစ်က ကြုံးဝါးထားတာကလည်း စျေးနှုန်းတက်ရတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။
အခုလို ရေနံစျေးနှုန်းတွေ ယာယီတက်လာတာဟာ ကာလတို အနှောင့် အယှက် တခုသာဖြစ်ပြီး ရေရှည်မှာတော့ ကျွန်တော်တို့ နိုင်ငံနဲ့ စီးပွားရေး အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်တယ်လို့ Bessent က ပြောကြားခဲ့ပါတယ်။
ref: bbc
—————————
THN Public Media
