နိုင်ငံရေး

နိုင်ငံပြဿနာတွေ ဖြေရှင်းရေး ပင်လုံစာချုပ် အကောင်အထည်ဖေါ်ဖို့ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် အကြံပြု၊ တိုင်းပြည်ခေါင်းဆောင်ရဲ့ အတ္တ မာန လောဘ ကြီးလို့ အခုလို ဖြစ်နေရတယ်လို့ဆို

ဖေဖေါ်ဝါရီ ၇ – ၂၀၂၆

ဒီကနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် က မြန်မာနိုင်ငံ ပြဿနာတွေ ဖြေရှင်းနိုင်ရေး အတွက် ၁၉၄၇ ပင်လုံ စာချုပ် နဲ့ ပင်လုံ ကတိကဝတ်တွေကို အကောင် အထည်ဖေါ်ဖို့ အပါအဝင် အချက် ၄ ချက်ကို သူ့ရဲ့ သဝဏ်လွှာမှာ အကြုံပြု ဖေါ်ပြထားပါတယ်။

နောက်ထပ် ၃ ချက်ကတော့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေး၊ ခေတ်သစ် ဗမာ နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အနေနဲ့ အမှားတွေကို သင်ခန်းစာ ယူဖို့ နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တို့ ဖြစ်ပါတယ်။

ဒါ့အပြင် (မြန်မာ စစ်ခေါင်းဆောင်ကို ရည်ညွှန်းပြီး) တိုင်းပြည် ခေါင်းဆောင် တဦး တယောက်ရဲ့ အတ္တ မာန လောဘ ကြီးမားမှု တွေကြောင့် တိုင်းပြည်မှာ အကျပ်အတည်းတွေနဲ့ ပြည်သူလူထုတွေ စစ်ဘေးရှောင် ရကာ ထိခိုက်သေဆုံး မှုတွေ ဖြစ်နေရတာလို့ ပြောပါတယ်။

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း မှာ (၇၉) နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ ကို ဒီကနေ့ ကျင်းပခဲ့ရာ ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်ခဲ့သလို တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထု ၇၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

တိုင်းရင်းသား အဖွဲ့တွေကတော့ SNA NDAA UWSA SSNDF SNDP DKBA CNF PNO နဲ့ LDU တို့ ဖြစ်ကြပါတယ်။

အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးယွက်ဆစ်က မိန့်ခွန်းပြောကြားရာ

ဖေဖော်ဝါရီ ၇ ရက်နေ့သာ မရှိခဲ့လျှင် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ ဆိုသည်မှာလည်း ရှိလာမည်မဟုတ်ကြောင်း၊

လွန်ခဲ့သော ၇၈ နှစ်အတွင်း ပြည်ထောင်စုသည် လွတ်လပ်ရေးရခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများကဲ့သို့ မဖွံ့ဖြိုးဘဲ ဆင်းရဲမွဲတေမှုများနှင့် မျက်နှာငယ်နေရဆဲဖြစ်ကြောင်း၊

လက်နက်ကိုင်အဖွဲ့များစွာ ရှိနေပြီး မိမိတို့မူဝါဒ အသီးသီးဖြင့် ပြည်ထောင်စု အတွင်း ဖြစ်ပေါ်နေသော ပြဿနာအရင်းအမြစ်ကို ရှာဖွေ ဖြေရှင်းခြင်း မရှိကြကြောင်း၊

ငါ့အဖွဲ့၊ နင့်အဖွဲ့၊ ငါ့လူမျိုး၊ နင့်လူမျိုးဟူသော ခွဲခြားမှုများနှင့် နယ်မြေလု၍ တိုက်ခိုက်နေကြခြင်း၊ မညီညွတ်ခြင်းတို့မှာ ပြဿနာကို မှန်ကန်စွာ ဖြေရှင်း သည့် နည်းလမ်းမဟုတ်ကြောင်း၊

တော်လှန်ရေး ကာလကြာရှည်လာသည်နှင့်အမျှ ပြည်သူများ ဆင်းရဲဒုက္ခ ရောက်ရသော်လည်း ပြည်ထောင်စု၏ ပြဿနာကို မည်သည့်အဖွဲ့ကမျှ မဖြေရှင်းနိုင်သေးခြင်းမှာ အားနည်းချက်တခုဖြစ်ကြောင်း၊

အစိုးရ၏ သတ်မှတ်ချက်အရ ပြည်ထောင်စုအတွင်း တိုင်းရင်းသား ၁၃၅ မျိုးရှိရာ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု မရှိဘဲ တဦးကိုတဦး ဖိနှိပ်နေကြသရွေ့ ငြိမ်းချမ်းရေး ရနိုင်မည်မဟုတ်ကြောင်း၊

ပြည်ထောင်စုကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်မှသာ ငြိမ်းချမ်းမှု ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၁၉၄၇ ဖေဖော်ဝါရီ ၇ ရက် နေ့မှာ ရှမ်းပြည် ခေါင်းဆောင်တွေ က ညီလာခံ တရပ် ကျင်းပကာ ရှမ်းပြည်ကောင်စီ ကို ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်ရဲ့ အလံနဲ့ အမျိုးသားသီချင်း ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့ကို ရှမ်းပြည်အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

photo: Tai Freedom

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *