ဖေဖေါ်ဝါရီ ၁၅ – ၂၀၂၆
အီရန် ဒုနိုင်ငံခြားရေးဝန်ကြီး Majid Takht-Ravanchi က အမေရိကန် အနေနဲ့ ပိတ်ဆို့ အရေးယူတွေ ရုပ်သိမ်း ရေး ဆွေးနွေးဖို့ ဆန္ဒရှိမယ်ဆိုရင် အမေရိကန် နဲ့ နျူကလီးယား သဘောတူညီချက်ရဖို့ အတွက် အီရန် ဘက်က အလျှော့ အတင်း လုပ်ဖို့ အသင့်ရှိကြောင်း ပြောကြား လိုက်ပါတယ်။
“သဘောတူညီချက်ရချင်တဲ့ ဆန္ဒရှိတယ် ဆိုတာ သက်သေပြဖို့က အမေရိကန်ရဲ့ တာဝန်ပဲ’’ လို့ ဟု ပြောကြားခဲ့ပြီး၊ “သူတို့သာ ရိုးသားမယ် ဆိုရင် ကျွန်တော်တို့ အနေနဲ့ သဘောတူညီချက် လမ်းပေါ် ရောက်လာ မှာပါ” လို့ အင်တာဗျူးတခုမှာ ပြောကြားသွားပါတယ်။
အမေရိကန် ဘက်ကတော့ ညှိနှိုင်းမှုတွေ တိုးတက်မှုမရှိအောင် ဟန့်တား နေတာဟာ အမေရိကန်မဟုတ်ဘဲ အီရန်သာဖြစ်ကြောင်း အကြိမ်ကြိမ် အလေးပေး ပြောဆိုထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ သဘောတူညီချက်ရဖို့ ပိုလိုလားပေမယ့် အီရန်နဲ့ သဘောတူညီချက် ရဖို့ရာ အလွန် ခက်ခဲတယ်လို့ စနေနေ့က ပြောကြား ပါတယ်။
နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ဖို့ သဘောတူညီချက်တခု မရနိုင်ဘူး ဆိုရင် အီရန်အပေါ် တိုက်ခိုက်မယ်လို့ ထရမ့်က ခြိမ်းခြောက် ထားပြီး အမေရိကန်ဟာ ဒေသတွင်းမှာ စစ်အင်အားကို တိုးမြှင့်ထားပါတယ်။
အမေရိကန်နှင့် အီရန်တို့ဟာ ဖေဖော်ဝါရီလ အစောပိုင်းက ပင်လယ်ကွေ့ နိုင်ငံဖြစ်တဲ့ အိုမန်မှာ တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး၊ ဒုတိယ အကျော့ ဆွေးနွေးပွဲကို အင်္ဂါနေ့ ကျရင် ဂျီနီဗာမှာ ကျင်းပဖို့ သတ်မှတ်ထားကြောင်း အီရန် ဒုနိုင်ငံခြားရေးဝန်ကြီး က အတည်ပြုထား ပါတယ်။
ဆွေးနွေးပွဲတွေဟာ အနည်းနဲ့အများ အပြုသဘောဆောင်တဲ့ ဘက်ကို ဦးတည် နေပေမဲ့ အခုကတည်းက ဆုံးဖြတ်ဖို့တော့ စောလွန်းသေးကြေင်း သူက ပြောပါတယ်။
သမ္မတ ထရမ့်ကလည်း ဆွေးနွေးပွဲတွေကို အပြုသဘောဆောင်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။
အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အီရန် အနေနဲ့ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားတဲ့ ယူရေနီယံတွေကို အာနိသင် ပြန်လျော့သွားအောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းတာဟာ အီရန်အနေနဲ့ အလျှော့အတင်း လုပ်လိုတဲ့ ဆန္ဒရှိတာကို သက်သေပြခဲ့တာလို့ ဆိုပါတယ်။
၆၀ ရာခိုင်နှုန်းအထိ သန့်စင်မှုဟာ နျူကလီးယား လက်နက် ထုတ်လုပ် နိုင်လု အဆင့် နီးပါး သန့်စင်မှု ဖြစ်တာကြောင့် အီရန်ဟာ နျူကလီးယား လက်နက် ထုတ်လုပ်ရေးဆီ ဦးတည်နေတယ်ဆိုတဲ့ သံသယတွေကို ပိုမို နက်ရှိုင်းစေခဲ့ပြီး ဒါကို အီရန်က အမြဲတမ်း ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ref: bbc
photo: getty
—————————
THN Public Media
