ရန်ကုန်တိုင်း၊ လှိုင်ယာသာမြို့နယ်ရှိ အထည်ဆိုင်တဆိုင်မှာ ပစ္စည်းခိုး ယူတယ် လို့ စွပ်စွဲခံရပြီး ကလေးချီထားတဲ့ အမျိုးသမီး တယောက်ကို ရိုက်နှက်ပြီး ဓာတ်တိုင်မှာ ကြိုးနဲ့ တုပ်ခဲ့တဲ့ ဖြစ်စဉ်မှ ပါဝင်ပတ်သက်သူ အကုန်လုံးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေး မေးမြန်း နေတယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။
“လက်ရှိက ဆိုင်ရှင်မိသားစုရယ်၊ ခိုးတယ်လို့ အစွပ်စွဲခံရတဲ့ မိသားစု ရယ်က လှိုင်သာယာ ရဲစခန်းမှာပါ။ ပြဿနာတွေ ဖြေရှင်းနေတုန်းပါ။ အထည်ဆိုင် ဘက်က ဆိုင်ရှင်ရော၊ ကြိုးတုပ်သူနဲ့ ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်သူ အကုန်လုံး ပါပါတယ်။ ဒီမနက်ကပဲ ခေါ် အမေးခံနေရတာပါ” လို့ သူက ပြောပါတယ်။
အဲဒီဖြစ်စဉ်ဟာ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး TikTok လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင် အရ ပစ္စည်းခိုးတယ်လို့ စွပ်စွဲတဲ့ ဆိုင်ရှင်ဆိုသူ အမျိုးသမီးတယောက်က စွပ်စွဲခံရတဲ့ သက်ကြီးပိုင်း အမျိုးသမီး တယောက်ကို ရိုက်နှက်ပြီး ဓာတ်တိုင် မှာ ကြိုးတုပ်ဖို့ ပြောဆိုနေခဲ့တာကို တွေ့ရပါတယ်။
ဒါအပြင် စွပ်စွဲခံရသူ အမျိုးသမီးနဲ့ အတူ ပါလာတဲ့ ကလေးငယ်ကိုပါ ဓာတ်တိုင်မှာ ကြိုးတုပ် ထားတယ်လို့ ယူဆရတဲ့ ဗီဒီဖိုင်ပါ မြင်ကွင်းကြောင့် ကလေးသူငယ် အပေါ် ပြုမူတဲ့ လုပ်ရပ်ကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန် နေကြတာ ဖြစ်ပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် ကလေးမှာ အပြစ်မရှိပါဘူး။ ခိုးသူကိုပဲ ဥပဒေနဲ့ ဖြေရှင်းလို့ မရဘူးလား မေးချင်တယ်။ အကြောင်းစုံတော့ နားမလည် ပေမယ့် နေပူကြီးထဲမှာ ကလေးလေးကိုပါ ကြိုးနဲ့ချည်ထားသလို ပုံစံမျိုး မြင်ရလို့ စိတ်မကောင်း ဖြစ်မိတယ်” လို့ ပြည်သူတယောက်က ပြောပါတယ်။
ဥပဒေရေးရာ ကျွမ်းကျင်သူတွေကတော့ ဒါဟာ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ အရ ပြစ်မှုဖြစ်ပြီး ထောင်ဒဏ် နှစ်နှစ် အထိ (ဒါမှမဟုတ်) ဒဏ်ငွေ (ဒါမှမဟုတ်) နှစ်မျိုးလုံး ချမှတ် နိုင်တယ်လို့ ပြောပါတယ်။
“ဒါဟာ နိုင်ငံတကာ ကလေးသူငယ် အခွင့်အရေး သဘောတူညီချက် (UNCRC) နဲ့လည်း ဆန့်ကျင်ပါတယ်။ နောက်တခုက ဘယ်လို ပြစ်မှုမျိုးပဲ ဖြစ်ဖြစ် လူတယောက်ကို ၀ရမ်းမပါ၊ တာ၀န်မရှိဘဲ ချုပ်နှောင်ခွင့် မရှိပါဘူး” လို့ ဥပဒေရေးရာ ကျွမ်းကျင်သူတယောက်က ပြောပါတယ်။
လက်ရှိ ဖြစ်စဉ်နဲ့ ပတ်သက်လို့ လူ့ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၅၂၊ ၃၅၄၊ ၅၀၀ နဲ့လည်းကောင်း၊ တမင် သက်သက် ထိခိုက်ဒဏ်ရာ ဖြစ်စေမှု (ဒါမှမဟုတ်) ပြင်းထန် ဒဏ်ရာ ဖြစ်စေမှု ပုဒ်မ ၃၂၅ နဲ့လည်းကောင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်ပါက ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က၊ ၅၀၆ အပြင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့လည်း အရေးယူနိုင်တယ်လို့ သိရပါတယ်။
အဲဒီ ဗီဒီယိုဖိုင်ထဲမှာ ဆိုင်ရှင်ဆိုသူက “ရေနွေးပူ သွားယူသွား၊ ရေနွေးပူကို ခေါင်းကနေ လောင်းချလိုက်မယ်။ နောက်လုပ်လို့ မရအောင်လို့၊ ကလေးပါ လောင်းချပစ်မယ်။ ရေနွေးသွားကြိုသွား၊ ငါက မိုက်ရင် သူများထက် မိုက်တယ်” စသဖြင့် ပြောဆိုနေတာကိုလည်း တွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လူမှုကွန်ရက် အသုံးပြုသူများကြား ဆိုင်ရှင် ဖြစ်သူကို ဝေဖန်မှုတွေ မြင့်တက်လျက်ရှိသလို တဖက်မှာလည်း ပရဟိတ အသင်းအဖွဲ့တွေက စွပ်စွဲခံရသူ အမျိုးသမီးနဲ့ ကလေးငယ်ကို ကူညီ ပေးနိုင်ဖို့ ရှာဖွေနေကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
crd – VOM
—————————
THN Public Media
–