ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေး ရုရှားသမ္မတ ဗလာဒီမာ ပူတင် နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က “အချည်းနှီးဖြစ်မယ့် အစည်းအဝေး” ကို မလိုချင်ကြောင်း ပြောကြားလိုက်ပါတယ်။
သမ္မတ ထရမ့်က လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်း တစ်လျှောက် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းဖို့ မော်စကိုဘက်က ငြင်းဆန်နေတာဟာ အဓိက အငြင်းပွား စရာ ဖြစ်နေကြောင်း အိမ်ဖြူတော်မှာ အင်္ဂါနေ့ က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ဒိမတိုင်ခင် ထရမ့်က နှစ်ပတ်အတွင်း ဘူဒါပက်မှာ နှစ်ဘက် ဆွေးနွေးပွဲ ပြုလုပ် မယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပေမယ့် အိမ်ဖြူတော် အရာရှိ တဦးက ထရမ့် – ပူတင် တွေ့ဆုံဖို့ အခု လတ်တလော အစီအစဉ် မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်း ငြိမ်းချမ်းရေး အတွက် အမေရိကန်နဲ့ ရုရှား တို့ရဲ့ အဆိုပြုချက် တွေအကြား အဓိက ကွဲပြားမှုတွေဟာ အခု သီတင်းပတ်အတွင်း ပိုမို ထင်ရှား လာခဲ့ပြီး ထိပ်သီး အစည်းအဝေး ဖြစ်မြောက်မယ့် အခွင့်အလမ်း ကို ပျက်ပြား သွားစေခဲ့တာ ဖြစ်ပါတယ်။
ထရမ့်နဲ့ ပူတင်တို့ဟာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာ ကတော့ သြဂုတ်လ က အလက်စကာ မှာ ဖြစ်ပြီး ထိရောက်တဲ့ ရလဒ်တွေ မထွက်ပေါ်ခဲ့ပါ။
အခု ဒုတိယ အကြိမ် တွေ့ဆုံဖို့ အစီအစဉ်ကို ရပ်ဆိုင်း လိုက်တာဟာလည်း အလက်စကာ မှာလို အလားတူ အခြေအနေမျိုးကို ရှောင်ရှားဖို့ ဖြစ်တယ် လို့ ရှုမြင်နိုင်ပါတယ်။
“ကျွန်တော်ထင်တယ်၊ ရုရှားတွေက လိုချင်တာ အရမ်းများတယ်… ဘူဒါပက် မှာ ထရမ့် အတွက် သဘောတူညီမှု ရတော့မှာ မဟုတ်ဘူးဆိုတာ အမေရိကန်တွေ အတွက် ရှင်းရှင်းလင်းလင်း ဖြစ်လာတယ်” လို့ ဝါရင့် ဥရောပ သံတမန် တဦးက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂီ လက်ဗ်ရို့ဗ် တို့ အကြား ကြိုတင်ပြင်ဆင်မှု အစည်းအဝေး တရပ်ကို အခုသီတင်းပတ် အတွင်း ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် သူတို့ နှစ်ဦး ဖုန်းနဲ့ စကားပြောခဲ့ပြီး “အကျိုးဖြစ်ထွန်းတယ်” လို့ ဆိုကာ အစည်း အဝေး ပြုလုပ်ဖို့ “မလိုအပ်တော့ဘူး”လို့ အိမ်ဖြူတော်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထရမ့်က လက်ရှိ ယူကရိန်း ရှေ့တန်း စစ်မြေပြင်မှာ တိုက်ပွဲတွေ ရပ်ဖို့ ဆိုတဲ့ ယူကရိန်းနဲ့ ဥရောပ ခေါင်းဆောင်တွေ အဆိုပြုထား ချက်ကို တနင်္လာနေ့က လက်ခံလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက မော်စကိုဟာ “ရေရှည်၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေး” ကိုသာ စိတ်ဝင်စားကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပြီး၊ ရှေ့တန်းမှာ တိုက်ပွဲတွေ ရပ်တန့်တာဟာ ယာယီ အပစ်အခတ် ရပ်စဲရေးမျှသာ ဖြစ်လိမ့်မယ်လို့ သွယ်ဝိုက် ဖေါ်ပြခဲ့ပါတယ်။
“ပဋိပက္ခတွေရဲ့ မူလဇစ်မြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်” လို့ သူက ပြောကြားခဲ့ပြီး ဒါဟာ ဒွန်ဘတ်စ် အပေါ် ရုရှားရဲ့ အချုပ်အခြာအာဏာ အတွက် အပြည့်အဝ အသိအမှတ်ပြုဖို့နဲ့ ယူကရိန်းကို စစ်မဲ့ဇုန် ဖြစ်စေဖို့ ဖြစ်ပါတယ်။
ဒီတောင်းဆိုချက်တွေကို ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေ အတွက် လုံးဝ လက်ခံနိုင်စရာ မရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။
—————————
THN Public Media
–
YouTube ချန်နယ်ကြည့်ပြီး ပံ့ပိုးနိုင်ပြီ
https://www.youtube.com/channel/UCuKoPNBJF5hbn0X8ASUNkHA
THN Public Media တယ်လီဂရမ်မှာ သတင်းတွေကို အချိန်နဲ့အမျှ တင်ဆက်ပေးနေပါပြီ။
https://t.me/+iFZ9Q4hyodJkNjRk
တစ်တော့ လာပြီ
–
ဖေ့စ်ဘွတ်မှာ Subscribe လုပ်ပြီး ပံ့ပိုးနိုင်ပြီ
https://www.facebook.com/becomesupporter/100066613536888
————————–
တွစ်တာလည်း ရှိတယ် Twitter – https://twitter.com/winburmese