ဧပြီ ၂ – ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ကနေ ရုပ်သံ မိန့်ခွန်း ပြောကြားရာမှာ အီရန်နိုင်ငံတွင်းက သူတို့ရဲ့ အဓိက “ရည်မှန်းချက်တွေဟာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီ” လို့ ပြောကြားလိုက်ပါတယ်။
အီရန်စစ်ပွဲ မကြာခင်မှာပဲ အပြီးသတ်တော့မယ် လို့လည်း ပြောကြားသွား ပါတယ်။
မိနစ် ၂၀ ခန့်ကြာတဲ့ ဒီမိန့်ခွန်းမှာ ဟော်မုဇ်ရေလက်ကြား သင်္ဘော သွားလာမှု လုံခြုံရေး အတွက် မဟာမိတ်တွေ အနေနဲ့ သတ္တိရှိရှိ တာဝန်ယူ ဖို့ ထရမ့်က တိုက်တွန်းခဲ့ပြီး အမေရိကန် အနေနဲ့ ဒီလမ်းကြောင်းကို မလိုအပ်ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
သမ္မတရဲ့ မိန့်ခွန်းအပြီး မှာတော့ ကမ္ဘာ့ရေနံ စျေးနှုန်းဟာ တစည်ကို ၁၀၅ ဒေါ်လာ အထိ မြင့်တက်သွားခဲ့ပါတယ်။
ဓာတ်ဆီစျေးနှုန်း မြင့်တက် လာမှု အတွက်လည်း အီရန်ဘက်မှာ တာဝန်ရှိ တယ်လို့ ထရမ့်က ပြစ်တင် ပြောဆိုခဲ့ပါတယ်။
ဒီမတိုင်ခင်ကလည်း အရှေ့အလယ်ပိုင်း ကိစ္စတွေမှာ အကူအညီ မပေးဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ နေတိုး အဖွဲ့ထဲ ကနေ အမေရိကန် နုတ်ထွက်ဖို့ စဉ်းစား နေတယ်လို့ ပြောကြားလိုက်ပေမယ့် ၂၀၂၃ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေ တခုကြောင့် နုတ်ထွက်ဖို့ ကတော့ လွယ်ကူမှာမဟုတ်ပါ။
အီရန်နိုင်ငံက အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတယ် ဆိုတဲ့ ထရမ့်ရဲ့ ပြောကြားချက် ဟာလည်း မှားယွင်းပြီး အခြေအမြစ်မရှိဘူး လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြကြပါတယ်။
—————————