
ဧပြီ ၅ – ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ အီရန်နိုင်ငံကို လူမှုကွန်ရက် ကနေ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။
အခုဖော်ပြမယ့် ထရမ့်ရဲ့ ပို့စ်မှာ တချို့သူတွေ အတွက် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဆဲဆိုရိုင်းပျတဲ့ စကားလုံး အသုံးအနှုန်းတွေ ပါဝင်နေတာကို သတိပေးချက် အနေနဲ့ ပြောလိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ Truth Social လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ဆဲဆိုကြိမ်းမောင်းပြီး ခြိမ်းခြောက်စာ တစောင်ကို ရေးသားခဲ့တာပါ။
အဲဒီအထဲမှာတော့ အီရန်ရဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံ တွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ရည်ညွှန်းထားသလို၊ တကယ်လို့ အလွန်အရေးပါတဲ့ ဒီရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းကိုသာ မဖွင့်ပေးဘူးဆိုရင် အီရန်နိုင်ငံဟာ “ငရဲခန်းထဲမှာ ရှင်သန်ရလိမ့်မယ်” လို့လည်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်း စစ်ပွဲ စတင်ကတည်းက ပိတ်ထားခဲ့တဲ့ ဟောမုဇ် ရေလက်ကြားကို မနက်ဖြန် တနင်္လာနေ့မှာ အပြီးသတ်ပြန်ဖွင့်ပေးဖို့ ထရမ့်က အီရန်ကို ရာဇသံပေးထားပြီး၊ အဲဒီရက် မတိုင်ခင်မှာပဲ အခုလို ပို့စ် ထွက်ပေါ်လာတာပါ။
အောက်မှာဖော်ပြထားတာ ကတော့ ထရမ့်ရဲ့ ရိုင်းစိုင်းပြင်းထန်တဲ့ စကားလုံး တွေ ပါဝင်နေတဲ့ ရေးသားချက်ပဲ ဖြစ်ပါတယ်။
ထရမ့်က
“အင်္ဂါနေ့ဟာ အီရန်နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ပေးစက်ရုံ တွေနဲ့ တံတားတွေ အကုန်လုံး ပျက်စီး ဆုံးရှုံးရမယ့်နေ့ပဲ။ တခါမှ မဖြစ်ဖူးတာမျိုး ဖြစ်သွားမယ်!!! ငါ-ိုးမ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့် လိုက်စမ်း.. မျိုးမစစ်ေ-ာင် တွေ မဟုတ်ရင်တော့ ငရဲ ရောက်သွား မယ် – စောင့်ကြည့်လိုက်…! အလ္လာဟ်အရှင်မြတ် ကို ချီးမွမ်းနေလိုက်… သမ္မတ ဒေါ်နယ် ဂျေ ထရမ့်” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။
—————————