အောက်တိုဘာ၂ – ၂၀၂၅
မြန်မာ့ပန်းချီလောကရဲ့ အထင်ကရ ပန်းချီဆရာဖြစ်တဲ့ ပန်းချီဆရာကြီးဦးလွန်းကြွယ် လူကြီးရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ပန်းချီဆရာကြီးဆီကသိရပါတယ်။ ပန်းချီဆရာကြီးဦးလွန်းကြွယ်က ရန်ကုန်၊ ရွှေပေါက်ကံ၊တောင်ငူလမ်းမှာရှိတဲ့သူရဲ့နေအိမ်မှာပဲ ကွယ်လွန်သွားတာဖြစ်ပြီး ဒီနေ့ အောက်တိုဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ သဂြိုလ်ဖို့ မိသားစုက စီစဥ်နေတယ်လို့သိရပါတယ်။
“ဆရာကြီး ညကဆုံးတာ ။ ဒီနေ့သဂြိုလ်ဖို့ လုပ်နေကြတယ်။ ရေဝေးမှာသဂြိုလ် မှာ အခုအချိန်ဇယားညှိနေကြတယ်။ ဆရာကြီးကလူကြီးရောဂါနဲ့ဆုံးတာပါ။ တရှောင်ရှောင်ဖြစ်လိုက် ဆေးဝါးကုလိုက် ကောင်းလိုက်ပေါ့။ အရင်ရက်ကတောင်မွေးနေ့ကျင်းပတော့ ကြည်ကြည်လင်လင်ပါဘဲ။ နဂိုထဲကလည်း ကျန်းမာရေးက ချူချာတယ်။ အသက်ကြီးလာတော့ ကျန်းမာရေးက ချူချာတာပေါ့။” လို့ မိသားစုနဲ့ရင်းနှီးတဲ့ ပန်းချီဆရာကြီးဦးကျော်စိုးကပြောပါတယ်။
ဆရာကြီးဦးလွန်းကြွယ်က ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးရဲ့အနုပညယသက်တမ်းက ၇၈ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် စက်တင်ဘာ ၂၄ ရက်က ဆရာကြီးရဲ့ အနုပညာသက်တမ်း ၇၈ နှစ်ပြည့်နဲ့ မွေးနေ့ပွဲကို ဆရာကြီးရဲ့ Artist Life Art Gallery မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
” ဆရာကြီးက ပန်းချီပညာမှာရော လောကီလောကုတ္တရာကိစ္စတွေမှာရော ပြောစရာမလိုအောင် တတ်ကျွမ်းဟောပြောနိုင်သူတယောက်ပါ။တွေ့တိုင်းအမြဲဆုံးမတယ်။ဟောပြောတယ်။ဆရာကြီးကွယ်လွန်မှုကတော့ တကယ်ဆုံးရှုံးမှုကြီးတခုပါပဲ။”လို့ ဆရာကြီးဦးကျော်စိုးက ဝမ်းနည်းကြောင်းတဆက်တည်းပြောပါတယ်။ ဆရာကြီးဦးလွန်းကြွယ် ကွယ်လွန်သွားတဲ့အပေါ် ပန်းချီဆရာ၊ ပန်းချီပြခန်းတွေနဲ့ ပြည်သူတွေကလည်း ဝမ်းနည်းကြောင်း၊ ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ကြောင်းကို သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နာကနေ ရေးသားဖော်ပြနေကြပါတယ်။ ဆရာကြီး ဦးလွန်းကြွယ်ကို ၁၉၃၀ ခုနှစ် အောက်တိုဘာ ၂၄ ရက် ရန်ကုန်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
ငယ်ဘဝမှာ ပန်းချီရေးဆွဲကာ ဖြတ်သန်းခဲ့ပြီးနောက် မြန်မာ့ပန်းချီလောကမှာ လူသိများတဲ့ ဦးသိန်းဟန်၊ ဦးသက်ဝင်း၊ ဦးစန်းဝင်း၊ ဦးချစ်မောင်တို့ဆီမှာ ပညာသင်ယူကာ ၁၉၅၄ ခုမှာတော့ ပန်းချီ ဆရာဖြစ်သင် သိပ္ပံမှ ဘွဲ့ရရှိခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန်ပန်းချီပန်းပုသင်တန်ကျောင်းမှာ နည်းပြအဖြစ်လုပ်ကိုင်ရင်း ဆရာကြီး ဦးသိန်းဟန်ရဲ့ လက်ရင်း တပည့်ဖြစ်လာကာ ဆီဆေးပန်းချီပညာနဲ့ အနောက် တိုင်းပန်းချီကို သေချာကျနစွာ လေ့လာသင်ယူရင်း ပန်ချီးဦးသောင်းဟန်၊ ဦးဘရင်လေးတို့နဲ့ ပညာသင်ယူဘက်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
၁၉၆၀ မှ ၁၉၇၉ မှာ ရန်ကုန်တက္ကသိုလ် ပန်းချီအသင်းမှာ ပို့ချသင်ကြားရင်း ရန်ကုန်ပန်းချီပန်းပုကျောင်းမှာ ကျောင်းအုပ်တာဝန်ယူခဲ့ပါတယ်။
၁၉၆၄ ခုနှစ်မှာတော့ တရုတ်နိုင်ငံကိုသွားကာ အရှေ့တိုင်းပန်းချီကို တနှစ်သင်ယူခဲ့ပြီး ၁၉၇၁ မှာ အရှေ့ဂျာမနီ အပါဝင် ဥရောပနိုင်ငံတွေကို အနောက်တိုင်းပန်းချီသွားရောက်ဆည်းပူးခဲ့ပါတယ်။
ပန်းချီဆရာကြီး ဦးလွန်းကြွယ် ပန်းချီကားတွေ ကို မြန်မာနိုင်ငံအမျိုးသားပြတိုက်၊ စင်ကာပူအနုပညာပြတိုက်နဲ့ မလေးရှားအမျိုးသား ပန်းချီပြခန်း စတဲ့ အထင်ကရပြတိုက်တွေက စုဆောင်းထားသလို ပြည်တွင်းပြည်ပ ပန်းချီပြပွဲပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ပန်းချီနဲ့ ပတ်သက်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ လည်းရရှိထားသူဖြစ်ပါတယ်။
ဆရာဦးလွန်းကြွယ်ရဲ့ ပန်းချီအများစုက မြန်မာအမျိုးသမီးကချေသည်ပုံ၊ ဇာတိမြေရဲ့ အလှအပ၊ ပြည်သူတွေရဲ့ ပျော်ရွှင်မှုနဲ့ စည်းလုံးညီညွတ်မှုရှိခြင်းတွေကို ဖော်ကျူးပြသလေ့ရှိပါတယ်လို့ သိရပါတယ်။
Photo:CJ
crd – VOM