THN Public Media Blog သတင်း War ဖလူး နဲ့ မင်းလက်ပံမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ
War ပြည်တွင်း

ဖလူး နဲ့ မင်းလက်ပံမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ

ဧပြီ ၁၉ – ၂၀၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် တောင်ဘက်ခြမ်းမှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်တွေကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီမြို့တောင်ပိုင်း မြဝတီ-ဝေါလေလမ်းပိုင်း၊ ဖလူး ကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာတွေ အနီးမှာ ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်၊ သင်္ကြန်ကာလ က စလို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်က လက်လွှတ်ထားရတဲ့ ဝေါလေဗျူဟာကုန်းနဲ့ ဖလူးစခန်း တွေကို ပြန်လည် ရယူနိုင်ဖို့ အတွက် အင်အား အများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

“တိုက်ပွဲက မနေ့က မင်းလက်ပံမှာလည်း အပြင်းအထန်ဖြစ်တယ်။ ဖလူးဘက် မှာလည်း မနက်ပိုင်း အပြင်းအထန် ဖြစ်တယ်။ လေကြောင်း တိုက်ခိုက်တာက သင်္ကြန်ကာလ အတွင်းမှာတောင် မနားတမ်း ဖြစ်ခဲ့တာ” လို့ ဒေသတွင်း သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

လက်ရှိမှာ အစိုးတပ်ဟာ မင်းလက်ပံနဲ့ ဖလူးရွာကို သိမ်းပိုက်နိုင်ဖို့ အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး တိုက်ပွဲအတွင်း လေကြောင်းကနေ‌ လေယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့စဉ်နဲ့အမျှ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ ဧပြီ ၁၈ ရက်ကလည်း ထိုင်း – မြန်မာ နယ်စပ်အနီးရှိ မင်းလက်ပံ ကျေးရွာမှာ ဒရုန်း ကျရောက်မှုကြောင့် နေအိမ် အလုံး ၃၀ ကျော် မီးလောင် ပျက်စီးခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

“အစိုးရစစ်ကြောင်းက ကျေးရွာထဲ ဝင်မရလို့ မနေ့၊ နေ့လယ် ၁ နာရီ လောက်မှာ မင်းလက်ပံ၊ အုန်းတောရွာထိပ် ပိုင်းကို တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ အုန်းတောမှာဖြစ်တာက ဒရုန်းကျတာ။ အိမ်တွေ တအိမ်ပြီး တအိမ် မီးကူးပြီး လောင်ကုန်တာ၊ မီးပြင်းတာ အနားတောင်မကပ်နိုင်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

မင်းလက်ပံရွာထိပ်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ KNLA တပ်ဖွဲ့တွေ အထိုင်ချတပ်စွဲထားတာ ဖြစ်တယ်လို့ သူက ပြောပါ တယ်။

စစ်တပ်ဟာ ဒရုန်းနဲ့ တိုက်ခိုက်မှု မပြုလုပ်ခင် မနေ့ မနက် ၁၀ နာရီ လောက်မှာလည်း အုန်းတောရွာရဲ့ နှစ်ရွာကျော်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဧပြီ ၁၃ ကနေ ၁၆ အတွင်း မင်းလက်ပံကျေးရွာ အနီးမှာ စစ်တပ်နဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုကြောင့် နေအိမ် အလုံး ၃၀ နီးပါး မီးလောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မင်းလက်ပံ၊ ဖလူး အပါအဝင် အနီးအနား ကျေးရွာ တွေနဲ့ ဝေါလေဘက်မှ ဒေသခံတွေဟာ သောင်ရင်းမြစ် ကမ်းအစပ်တွေနဲ့ ထိုင်းနိုင်ငံ ဘက်ခြမ်းကို စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရ ပါတယ်။

မြဝတီမြို့နယ်မှာ မင်းလက်ပံ၊ ဖလူးကျေးရွာ အပြင် ရသေ့ဂူနဲ့ ဝေါလေ ဗျူဟာကုန်းတို့မှာလည်း ပြီးခဲ့တဲ့ မတ်လအတွင်းက စပြီး အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version