THN Public Media Blog သတင်း နိုင်ငံတကာ ဗင်နီဇွဲလား သမ္မတ ရာထူးက ကျဖို့ နီးလာပြီလို့ ထရမ့်ပြော၊ တိုက်ဖို့ကိုတော့ ပြန်လျောချ ပြောဆို
နိုင်ငံတကာ

ဗင်နီဇွဲလား သမ္မတ ရာထူးက ကျဖို့ နီးလာပြီလို့ ထရမ့်ပြော၊ တိုက်ဖို့ကိုတော့ ပြန်လျောချ ပြောဆို

နိုဝင်ဘာ ၃ – ၂၀၂၅

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က အမေရိကန်ပြည်ထောင်စု ဟာ ဗင်နီဇွဲလား နဲ့ စစ်ဖြစ်နိုင်ခြေကို လျှော့ချပြောဆို ခဲ့ပေမယ့်၊ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို ရဲ့ သမ္မတသက်တမ်းဟာ ကုန်ဆုံးဖို့ နီးကပ် နေပြီလို့ ပြောဆိုလိုက် ပါတယ်။

အမေရိကန်က ဗင်နီဇွဲလားကို စစ်ဆင်နွှဲမှာလားလို့ CBS ရဲ့ “60 Minutes” အစီအစဉ်က မေးမြန်းရာမှာ သမ္မတ ထရမ့်က “ကျွန်တော် သံသယရှိ ပါတယ်။ မဖြစ်လောက်ပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို အတော့်ကို ဆိုးဆိုးရွားရွား ဆက်ဆံနေကြတာပါ” လို့ ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေရိကန် စစ်တပ်ဟာ ပြီးခဲ့တဲ့ နှစ်လခန့် ကတည်းက ကာရေဘီယံ ပင်လယ် အတွင်း စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ ဗုံးကြဲ လေယာဉ် တွေ၊ ရေတပ်သားတွေ၊ မောင်းသူမဲ့ လေယာဉ်တွေနဲ့ သူလျှို လေယာဉ်တွေ စတဲ့ စစ်အင်အားတွေကို တည်ဆောက်ခဲ့ပြီး၊ ဒါဟာ ဆယ်စုနှစ်တွေ တွင်း အကြီးမားဆုံး ဖြန့်ကျက်မှု ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး မှောင်ခိုပို့ဆောင်တယ်လို့ ယူဆရတဲ့ သင်္ဘောတွေကို ကာရေဘီယံ ပင်လယ်ထဲမှာ အမေရိကန်က ဆက်လက်ပစ်ခတ်နေပြီး၊ အဲဒီပစ်ခတ်မှုတွေဟာ အမေရိကန်ပြည်ထောင်စု အတွင်း မူးယစ်ဆေးဝါး စီးဆင်းမှုကို ရပ်တန့်ဖို့ လိုအပ်လို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ထရမ့် အစိုးရက ပြောပါတယ်။

အမေရိကန်ရဲ့ လုပ်ဆောင်မှုဟာ မူးယစ်ဆေးဝါး ရပ်တန့်ဖို့ မဟုတ်ဘဲ၊ ထရမ့်ရဲ့ ကာလရှည်ကြာ ပြိုင်ဘက် ဖြစ်သူ မာဒူရိုကို ဖြုတ်ချဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောဆိုချက်တွေ အပေါ် ထရမ့်က ပယ်ချခဲ့ပြီး “အကြောင်းအရာ များစွာရှိတယ်” လို့ ထရမ့်က ပြောပါတယ်။

စက်တင်ဘာလ အစောပိုင်းကတည်းက ကာရေဘီယံနဲ့ အရှေ့ပစိဖိတ် ဒေသတို့မှာ အမေရိကန်ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၆၄ ဦး သေဆုံး ခဲ့ကြောင်း CBS News က ဖော်ပြခဲ့ပါတယ်။

ဖလော်ရီဒါ က Mar-a-Lago အပန်းဖြေ နေအိမ် ကနေ ပြောဆိုရာမှာ ထရမ့်က “သင်တို့ တွေ့မြင်ရတဲ့ ပစ်ချလိုက်တဲ့ သင်္ဘောတိုင်းဟာ မူးယစ်ဆေးဝါး နဲ့ လူပေါင်း ၂၅၀၀၀ ကို ဖျက်ဆီးနေတာဖြစ်တယ်… ကျွန်တော်တို့ နိုင်ငံတစ်ဝန်းက မိသားစုတွေကို ဖျက်ဆီးနေတာဖြစ်တယ်’’ လို့ ပြောပါတယ်။

အမေရိကန် အနေနဲ့ မြေပြင်ပေါ် တက်တိုက်ဖို့ စီစဉ်နေလား ဆိုတဲ့ မေးခွန်းကို ထရမ့်က ပယ်ချဖို့ ငြင်းဆိုခဲ့ပြီး “ကျွန်တော် အဲဒီလို လုပ်မယ်လို့ ပြောဖို့ ဆန္ဒမရှိပါဘူး… ကျွန်တော် ဗီနီဇွဲလားကို ဘာလုပ်မယ်ဆိုတာ… လုပ်မယ်၊ မလုပ်ဘူး ဆိုတာကို ပြောမှာ မဟုတ်ပါဘူး” လို့ ပြောဆိုခဲ့ ပါတယ်။

B-52 အမျိုးအစား အဝေးကြီးကို ပစ်ခတ်နိုင်တဲ့ ဗုံးကြဲလေယာဉ်တွေဟာ ဗင်နီဇွဲလား ကမ်းလွန်ပင်လယ်ပြင်မှာ “ဗုံးကြဲတိုက်ခိုက်မှု သရုပ်ပြပွဲတွေ” လုပ်ဆောင် ခဲ့ပြီ ဖြစ်ပါတယ်။

ထရမ့်ပ်က CIA ကို ဗင်နီဇွဲလားဆီ ဖြန့်ကျက်ဖို့ ခွင့်ပြုခဲ့ပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ်တင် သင်္ဘောကိုလည်း အဲဒီဒေသကို စေလွှတ်နေပါတယ်။

မာဒူရို ကတော့ ဝါရှင်တန်ဟာ “စစ်ပွဲအသစ်တခု ဖန်တီးနေတယ်” လို့ အရင်တုန်းက စွပ်စွဲခဲ့ပြီး၊ ကိုလံဘီယာ သမ္မတ Gustavo Petro ကလည်း သင်္ဘောတွေကို ပစ်ခတ် ဖျက်ဆီးနေတွေဟာ အမေရိကန်က လက်တင် အမေရိကကို “လွှမ်းမိုးချုပ်ကိုင်ဖို့” အသုံးပြုနေတာ ဖြစ်တယ်လို့ ပြောကြား ခဲ့ ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version