THN Public Media Blog သတင်း နိုင်ငံရေး ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ The Diplomat သတင်းထောက် Rajeev Bhattacharyya မေးမြန်းခန်း အပြည့်အစုံ
နိုင်ငံရေး

ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ The Diplomat သတင်းထောက် Rajeev Bhattacharyya မေးမြန်းခန်း အပြည့်အစုံ

မေလ ၅ – ၂၀၂၆

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ The Diplomat သတင်းထောက် Rajeev Bhattacharyya ဟာ ရခိုင်ဒေသ တနေရာမှာ ULA/AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုတွေ့ဆုံပြီး အင်တာဗျူးခဲ့တာ ဖြစ်ပါတယ်။

#မေး – ဗိုလ်ချုပ်ရဲ့ နောက်ခံအကြောင်းအရင်းနဲ့ ရခိုင်တပ်တော်ရဲ့ ခေါင်းဆောင် ဘယ်လိုဖြစ်လာတယ်ဆိုတာကို ပြောပြပေးနိုင်မလား။

#ဖြေ – ကျွန်တော် စစ်တွေမှာ ဥပဒေကျောင်း တက်ခဲ့ပေမဲ့ သင်တန်းကိုတော့ အဆုံးထိ မပြီးခဲ့ပါဘူး။ ကျောင်းသားခေါင်းဆောင်တစ်ယောက်အနေနဲ့ တက်တက်ကြွကြွ လှုပ်ရှားခဲ့ပြီး တစ်နေ့မှာတော့ (၉ တန်းကျောင်းသားဘဝတုန်းကပေါ့) စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ အကြီးအကျယ် ဘာမှမဖြစ်ခဲ့ပါဘူး၊ အဲဒါက စစ်တပ်နဲ့ ကျွန်တော့်ရဲ့ ပထမဆုံး တွေ့ကြုံမှုပဲ။

၁၉၉၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စပြီး ဖြတ်ကျော်ခဲ့တယ်။ ပထမဆုံးအကြိမ်က ၁၉၉၈ ခုနှစ်၊ Operation Leech စစ်ဆင်ရေးတုန်းက ရခိုင်တော်လှန်ရေးသမားတချို့ ကျဆုံးသွားပြီးတဲ့ နောက်မှာပါ။ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ရဲ့ လှုပ်ရှားမှုတွေဆီကနေ အများကြီး သင်ယူခဲ့ပေမဲ့ မကြာခင်မှာပဲ ဒီအဖွဲ့တွေက ကျွန်တော်တို့ ထင်ထားသလောက် မခိုင်မာဘူးဆိုတာ သိလာခဲ့တယ်။ စည်းလုံးညီညွတ်ဖို့ လိုတယ်ဆိုတာကိုလည်း သဘောပေါက်လာခဲ့တယ်။ ၂၀၀၆ အထိ ဒီရခိုင်အဖွဲ့တွေ အားလုံး စည်းလုံးလာဖို့ ကျွန်တော်တို့ မျှော်လင့်ခဲ့ကြတာပါ။

အဲဒီနှစ်မှာပဲ ကျွန်တော် အိန္ဒိယကို အထောက်အထား စာရွက်စာတမ်း မပါဘဲ သွားခဲ့တယ်။ မဏိပူရ်ကနေ အိန္ဒိယနယ်စပ်ကို ဖြတ်ပြီးနောက်ပိုင်း အင်ဖာမှာ နေထိုင်ခဲ့တယ်၊ အဲဒီကနေ အာသံပြည်နယ်၊ ဂူဝါဟာတီကို သွားပြီး ထရီပူရက ခေါင်းဆောင်တယောက်အပါအဝင် ခေါင်းဆောင် တော်တော်များများနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။

ဂူဝါဟာတီကနေ ဒေလီကို ရထားနဲ့ သွားခဲ့တယ်။ ဒေလီက ဝိကတ်ပူရီမှာ ရက်ပေါင်း ၂၀ ကြာ နေထိုင်ပြီး ရခိုင်အမျိုးသားညီလာခံရဲ့ ပထမဆုံး အစည်းအဝေးကို တက်ခဲ့တယ်။ အဲဒီမှာ ခေါင်းဆောင်တွေက ကိစ္စသေးသေး မွှားမွှားလေးတွေနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာ။ ကျွန်တော်တို့ လိုချင်တဲ့ စည်းလုံးညီညွတ်မှုမျိုးကို ဒီမှာရဖို့ မဖြစ်နိုင်ဘူး ဆိုတာ ကျွန်တော် အဲဒီမှာတင် အသေအချာ သိသွားခဲ့တယ်။ သူတို့နဲ့ အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူးဆိုတာ သဘောပေါက်သွားတယ်။

အဲဒီနောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာနိုင်ငံ တခြားဒေသက အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးထူထောင်ဖို့ စပြီး စဉ်းစားခဲ့တယ်။ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းတွေက တဆင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အဆက်အသွယ် ရခဲ့တယ်။ ကျွန်တော်က စစ်တွေတက္ကသိုလ်မှာ ဥပဒေ သင်တန်း တက်နေရင်းနဲ့ပဲ ဧည့်လမ်းညွှန်လုပ်တာ၊ ကျောက်မျက်ရောင်းတာတွေ စလုပ်ခဲ့တယ်။

ဒါတွေက ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွား တွေက တဆင့် ကျွန်တော့်ရဲ့ ကွန်ရက်ကို ချဲ့ထွင်ဖို့ အများကြီး အထောက် အကူပြုခဲ့တယ်။ အဆက်အသွယ်ရှိတဲ့ အမေရိကန်သူငယ်ချင်းတချို့က ကျွန်တော့်ကို အမေရိကမှာ ပညာသင်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ကျွန်တော် ကတော့ လက်တွေ့ ကွင်းဆင်းရတဲ့ အလုပ်ကိုပဲ ပိုစိတ်ဝင်စားခဲ့တာ။

ကျွန်တော်က ၂၀၀၅ ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပြီးသားဖြစ်ပြီး ရခိုင်ဒေသ အတွက် ကျွန်တော့်ရဲ့ အစီအစဉ်တွေကို ဇနီးသည်ကို ပြောပြခဲ့တယ်။ ကျွန်တော့်ရဲ့ အဖွဲ့အစည်းမှာ ဒုတိယ ဥက္ကဋ္ဌ (၃) အဖြစ် တာဝန်ယူထားတဲ့ ကျွန်တော့်ရဲ့ အစ်ကိုကြီးက KIA နဲ့ ဆက်သွယ်နိုင်အောင် ကူညီပေးခဲ့တယ်။

ကချင်ပြည်နယ်ကို သွားဖို့ ကျွန်တော့်ရဲ့ Omega နာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့ရတယ်။ ၂၀၀၆ ခုနှစ်မှာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားခဲ့တာ ကတော့ KIA နဲ့ အမြင်ချင်းဖလှယ်ဖို့နဲ့ အဲဒီမှာ သင်တန်းပေး တာတွေကို နှစ်ပတ်ကြာ လေ့လာဖို့ပါ။

KIA နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ကျွန်တော်တို့ သုံးနှစ်လောက် အချိန်ယူခဲ့ ရတယ်။ အဲဒီအချိန်မှာ KIA က အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားချိန်ဖြစ်ပြီး သူတို့ကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖို့ ဖိအားပေးခံနေရတဲ့အချိန်ပေါ့။

ဒီအဆိုပြုချက်အပေါ် KIA ထဲမှာလည်း အမြင်ကွဲပြားမှုတွေ ရှိခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ KIA ဆီကနေ သင်တန်းပေးဖို့ မီးစိမ်းပြတာကို ရခဲ့ပြီး တစ်နှစ် အကြာမှာတော့ သင်တန်းတွေ စတင်ခဲ့ပါတယ်။

ကျွန်တော်တို့က အယောက် ၅၀ လောက် သင်တန်းတက်ဖို့ စီစဉ်ထားပေမဲ့ KIA က သင်တန်းသား ၂၆ ယောက်ပဲ လက်ခံခဲ့တယ်။ ကျွန်တော်တို့ရဲ့ သူငယ်ချင်း တချို့ကတော့ ကချင်ကို သွားတဲ့လမ်းမှာတင် စစ်ဘက် ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။

ကချင်ကနေ နှစ်နှစ်အကြာမှာ ရိုင်ဖယ်သေနတ် ၂၀၀ နဲ့ ပြန်လာမယ်လို့ ကျွန်တော်တို့ တွေးခဲ့ကြတာပေါ့။ စစ်ရေးကိစ္စတွေကိုလည်း သင်ယူခဲ့တယ်။

စစ်ရေးဗျူဟာတွေနဲ့ နည်းဗျူဟာတွေအကြောင်း အများကြီး ဖတ်ရှုလေ့လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ ပြည်ပရောက်လူငယ်တွေနဲ့ အဆက်အသွယ်လုပ်ပြီး သင်တန်းတက်ဖို့ လူသစ် စုဆောင်းရေးတွေ စလုပ်ခဲ့တယ်။ KIA ကလည်း (မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားတာဆိုတော့) ဒီသင်တန်းတွေကို လျှို့ဝှက်ထားရမှာဖြစ်လို့ စိုးရိမ်ခဲ့ကြတယ်။

နှစ်နှစ်အတွင်းမှာ သင်တန်းဆင်း တပ်ဖွဲ့ဝင် ၃၀၀ လောက် လေ့ကျင့်ပေးနိုင် ခဲ့တယ်။ တချို့အချိန်တွေမှာ ရိက္ခာပြတ်လပ်တာတွေ ရှိခဲ့သလို နောက်ပိုင်းမှာ နယ်စပ်က ကျောက်စိမ်းလုပ်ငန်းတွေမှာလည်း ပါဝင် လုပ်ကိုင်ခဲ့တယ်။

၂၀၁၃ ခုနှစ်မှာတော့ ကျွန်တော်တို့ရဲ့ ကွန်ရက်ကို ချဲ့ထွင်ဖို့ ရွှေတြိဂံဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို လူ ၁၉ ယောက် စေလွှတ်ခဲ့တယ်။

ရှမ်းပြည်နယ်က ကိုးကန့်နဲ့ ပလောင် (တအာင်း) အဖွဲ့တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တယ်။ အဲဒီဒေသတွေ ကနေ လက်နက် တချို့လည်း စုဆောင်းနိုင်ခဲ့တယ်။

ရခိုင်တပ်တော်နဲ့ စစ်တပ်တို့ရဲ့ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုကတော့ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နီးက ပလက်ဝမှာ ဖြစ်ပွားခဲ့တာပါ၊ အဲဒီမှာ မြန်မာစစ်တပ်က ဗိုလ်ကြီးတစ်ယောက်ကို ကျွန်တော်တို့ သုတ်သင်နိုင်ခဲ့တယ်။

#မေး – ဗိုလ်ချုပ်က စစ်ရေးအတွေ့အကြုံ မရှိခဲ့ဘူး၊ ဒါပေမဲ့ AA က စစ်ရေးအရ အောင်မြင်မှုတွေကတော့ အံ့မခန်းပါပဲ၊ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ဘာများလဲ။

#ဖြေ – စကားနဲ့ပဲ ပြောရမယ့်အရာတွေ ရှိသလို၊ လက်တွေ့ပဲ လုပ်ပြရမယ့် အရာတွေလည်း ရှိတယ်၊ ပြီးတော့ ပြောလည်းပြော လက်တွေ့လည်း လုပ်ရမယ့် အရာတွေလည်း ရှိတာပေါ့။ ရခိုင်ပြည်နယ်ဆိုတာ သေးငယ်တဲ့ နယ်မြေလေး တခုပါ၊ ဒါပေမဲ့ အရင်က ကျွန်တော်တို့ ဒီလောက် မသေးခဲ့ဘူး။

နယ်မြေအပိုင်းအစလေး တခုအတွက် ရန်ဖြစ်နေမယ့်အစား ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်သွားမှာပါ။ နယ်မြေချဲ့ထွင်ဖို့ ရည်မှန်းချက် တွေအကြောင်း ပြောနေမယ့်အစား ကိုယ့်ရဲ့ တာဝန် (Mission) အပေါ်မှာပဲ သစ္စာရှိတာ ပိုကောင်းပါတယ်။

ကျွန်တော်တို့ အောင်မြင်မှုအတွက် အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အံ့မခန်း အောင်မြင်မှု အဆင့်ထိတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့ စိတ်ရှည်ရမယ်၊ အာရုံစိုက်ထားရမယ်၊ ပြီးတော့ ရှိတဲ့ အရင်းအမြစ်လေးတွေနဲ့ပဲ စနစ်တကျ စီမံခန့်ခွဲသွားရမှာပါ။

အောင်မြင်မှုရဲ့ အဓိက အကြောင်းရင်းကတော့ ပြည်သူတွေရဲ့ ထောက်ခံမှုပါပဲ။

ရခိုင်က မတူညီတဲ့ လူမှုအသိုက်အဝန်းတွေကြားမှာ ယုံကြည်မှုကို ပြန်တည်ဆောက်နိုင်ခဲ့တယ်။ အထူးသဖြင့် ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းက ဖြစ်ရပ်တွေကြောင့် မွတ်စလင် လူ့အသိုက်အဝန်းနဲ့ ကြားမှာ အယုံအကြည် မရှိတာတွေ အများကြီး ရှိခဲ့တာ။ ပုံမှန်အချိန်ဆိုရင် သူတို့ကို ချဉ်းကပ်ဖို့တောင် မဖြစ်နိုင်ဘူး။ သူတို့ကလည်း မိတ်ဆွေတွေ ရှာနေတဲ့အချိန်ဆိုတော့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို ရှင်းပြခဲ့တယ်၊ အဲဒါက အရေးကြီးတဲ့ ခြေလှမ်းတခုပါပဲ။

မြေပြင်အနေအထားကလည်း နောက်ထပ် အရေးကြီးတဲ့ အချက်တခုပါ။

စစ်တပ်မှာက ပိုကောင်းတဲ့ အခြေခံအဆောက်အအုံတွေ ရှိတယ်။

ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိပေမဲ့ အဲဒါတွေကို အကောင်းဆုံး အသုံးချခဲ့တယ်။ စစ်ပွဲတွေမှာ ထူးထူးခြားခြား သတ္တိရှိပြီး ကျွမ်းကျင်မှုရှိတဲ့ ကျွန်တော့်ရဲ့ စစ်သည်တွေနဲ့ အရာရှိတွေကို ကျွန်တော် အရမ်း ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ဌာနချုပ်ကလည်း ဆက်သွယ်ရေး အတွက် ဂြိုဟ်တုဆက်သွယ်ရေး အပါအဝင် နည်းပညာအားလုံးကို ထိရောက်အောင် ပေါင်းစပ်အသုံးပြုခဲ့တယ်။

အခုပြန်ကြည့်လိုက်ရင် ကျွန်တော့်အဖွဲ့မှာ အမြဲတမ်း အသင့်ပြင်ထားတဲ့၊ စိတ်အားထက်သန်တဲ့သူတွေ အများကြီးရှိတာကို တွေ့ရတယ်။ သူတို့နဲ့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခဲ့တာပါ။

#မေး – ၂၀၂၅ ခုနှစ်ကတော့ အခြေအနေ တုံ့ဆိုင်းနေတဲ့ နှစ်တနှစ် ဖြစ်ခဲ့တယ်၊ AA က ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကို တိုက်ခိုက်ဖို့ ဆိုင်းငံ့ထားပေမဲ့ အခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဗမာပြည် အလယ်ပိုင်း အထိ ထိုးဖောက်ဝင်ရောက်ခဲ့တယ်၊ ဒါက ဗျူဟာပြောင်းလိုက်တာလား။

#ဖြေ – ဗျူဟာနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ပြောဖို့ကတော့ စောလွန်းပါသေးတယ်။ အချိန်မတန်သေးပါဘူး။

#မေး – AA အနေနဲ့ စစ်တပ်ဘက်က ညှိနှိုင်းဆွေးနွေးဖို့ ကမ်းလှမ်းလာရင် လက်ခံနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေတယ်…

#ဖြေ – နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ တည်ငြိမ်မှုရှိတာဟာ အားလုံးရဲ့ အကျိုးစီးပွား ပါပဲ။ ကျွန်တော်တို့ နိုင်ငံရေးအရ ရင့်ကျက်ဖို့ လိုတယ်။ ဒီလောက်ပဲ ပြောပါရစေ။

#မေး – ကျွန်တော် ရခိုင်ကို ရောက်လာတဲ့ တလနီးပါးအတွင်းမှာပဲ လေကြောင်း တိုက်ခိုက်မှု ခြောက်ကြိမ်ရှိခဲ့တယ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပုဏ္ဏားကျွန်း မြို့နယ်က နေရာတခုကို သွားခဲ့တုန်းက လူ ၁၇ ယောက် သေဆုံး ခဲ့တာကို တွေ့ခဲ့ရတယ်၊ အခု ရွေးကောက်ပွဲတွေလည်း ပြီးသွားပြီ ဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုရှိလာနိုင်တယ်၊ ဒီအန္တရာယ်ကို ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ။

#ဖြေ – အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးက ကျွန်တော်တို့အတွက် အရေးအကြီးဆုံးပါပဲ။ ပြည်သူတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ဖို့ နည်းလမ်းပေါင်းစုံ ရှာဖွေနေတယ်။ ခက်တော့ခက်ခဲပါတယ်။

ဒီလေကြောင်း ဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်နေပေမဲ့ အခုထက်ထိတော့ သိပ်ပြီး မထိရောက်သေးဘူး။ ဒါဟာ အရမ်းကို စိုးရိမ်စရာကောင်းတဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်ပါ။

ဒါကြောင့် စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး ကျွန်တော်တို့ဘက်က နိုင်ငံရေးဖြစ်စဉ် တွေကို ဆွေးနွေးဖို့ဆိုတာ အရမ်းခက်ခဲပါလိမ့်မယ်။ စစ်အစိုးရက အသာစီးရတဲ့ အနေအထားကနေ စကားပြောချင်နေတာ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲဒီလို ဖိအားပေးမှုမျိုးကို အရှုံးပေးမှာ မဟုတ်ပါဘူး။

#မေး – လွန်ခဲ့တဲ့ နှစ်နှစ်က တရုတ်နိုင်ငံမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ AA တို့ ဆွေးနွေးခဲ့ကြသေးတယ်၊ အဲဒီတုန်းက ရခိုင်ဒေသမှာ စစ်ကောင်စီ တပ်တွေ မရှိရဘူးလို့ AA ဘက်က အခိုင်အမာ တောင်းဆိုခဲ့လို့ ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့တယ်၊ အခုအချိန်မှာရော အစိုးရနဲ့ အဲဒီလို ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ ဆန္ဒရှိလား။

#ဖြေ – ခင်ဗျားပြောတာ မှန်ပါတယ်၊ အဲဒါ ကျွန်တော်တို့ လိုချင်ခဲ့တဲ့အရာပဲ။ အစိုးရ ကတော့ ကျွန်တော်တို့ကို ၂၀၂၃ မတိုင်ခင်က အနေအထားကို ပြန်သွားစေချင်နေတာ။ အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့ကလည်း ၁၇၈၄ ခုနှစ် အနေအထားကို ပြန်သွားချင်တာပေါ့ (ရခိုင်ပြည်လွတ်လပ်တဲ့ ဘုရင်စနစ် ပျက်သုဉ်းခဲ့တဲ့နှစ်) လက်တွေ့မကျတဲ့ အရာတွေကို တောင်းဆို နေမယ့်အစား အစိုးရအနေနဲ့ မြေပြင်က လက်ရှိ အခြေအနေတွေအပေါ် အခြေခံတဲ့၊ အားလုံးပါဝင်နိုင်တဲ့ ရိုးသားတဲ့ ဆွေးနွေးပွဲတွေကိုပဲ အာရုံစိုက်သင့် ပါတယ်။ ဆွေးနွေးပွဲတွေဆိုတာ မြေပြင်က တကယ့် အခြေအနေ တွေနဲ့ ကင်းကွာနေလို့ မရပါဘူး။

#မေး – ၂၀၂၃ ခုနှစ်က ကျွန်တော် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို သွားခဲ့တုန်းက တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် တော်တော်များများနဲ့ တွေ့ခဲ့တယ်၊ အဲဒီတုန်းက သူတို့က ၂၀၂၅ အကုန်မှာ စစ်အစိုးရ ပြုတ်ကျ သွားမယ်လို့ ယုံကြည်နေကြတာ၊ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ဘူး၊ တချို့ဒေသတွေမှာဆိုရင် စစ်တပ်က တန်ပြန်တိုက်စစ်တောင် ဆင်လာ နိုင်တယ်၊ အဲဒါကို ဘယ်လို ရှင်းပြချင်လဲ။

#ဖြေ – အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်၊ ကျွန်တော်တို့ သူတို့ကို လေးစားတယ်။ တခြားသော အဖွဲ့အစည်း တွေလည်း ရှိပါသေးတယ်။ အားလုံး စုစည်းပြီး ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တခုကို ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်။ အခု အခြေအနေ ကတော့ ခန့်မှန်းရခက်နေဆဲပါပဲ။ စစ်အစိုးရရဲ့ နည်းဗျူဟာ တွေကြောင့် သွေးထွက်သံယိုမှုတွေ ပိုများလာနိုင် ပါသေးတယ်။

#မေး – အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအကြောင်း ပြောရအောင်၊ ဘင်္ဂလားဒေ့ရှ်က BNP အစိုးရသစ်ကို ဂုဏ်ပြုလွှာ ပို့ခဲ့တယ်နော်၊ အများကတော့ BNP အစိုးရဟာ အစွန်းရောက်မှုတွေကို ရှောင်ပြီး ရခိုင်ကိစ္စမှာ မူဝါဒနှစ်မျိုး ကျင့်သုံးလိမ့်မယ်လို့ ယူဆနေကြတယ်၊ ဆိုလိုတာက AA ကို ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ ဖိအား ပေးမယ်၊ တဘက်မှာလည်း RSO နဲ့ ARSA လို ရိုဟင်ဂျာ လက်နက်ကို င်အဖွဲ့တွေကို လက်နက် တပ်ဆင်ပေးမယ်ဆိုတာမျိုးပေါ့၊ အစိုးရသစ် အပေါ် ဘာတွေ မျှော်လင့်ထားလဲ။

#ဖြေ – ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ အတူတူ လက်တွဲလုပ်ဆောင်သွားဖို့ပါပဲ။

ပထမဦးဆုံးအနေနဲ့ ဒေသတွင်းမှာ တကယ့်အရှိတရားအရ ရှိနေတဲ့သူတွေကို မှားယွင်းတဲ့ စွပ်စွဲချက်တွေ လုပ်မယ့်အစား သူတို့ကို အသိအမှတ်ပြု ပံ့ပိုးပေးရမှာပါ။

ရက္ခိုင်ပြည်သူ့အစိုးရကို အသိအမှတ်ပြု ပံ့ပိုးပေးခြင်း မရှိဘဲ ကောင်းမွန်တဲ့ အခြေအနေတခု ဖြစ်လာဖို့ဆိုတာ အရမ်းခက်ပါလိမ့်မယ်။ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အခြေအနေတခု ဖန်တီးပေးချင်ပါတယ်။

ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးကတော့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။ ဒါပေမဲ့ ဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေက ပြဿနာတွေကို ပိုကြီးထွား စေလိမ့်မယ်။ ကျွန်တော်တို့ကတော့ အခြေအနေအားလုံးကို ရင်ဆိုင်ဖို့ အသင့်ပါပဲ။

#ပြင်ဆင်ချက် ကွင်းစ ကွင်းပိတ်ထဲက မေးခွန်းဖြစ်ပါတယ်။

#မေး – (မြန်မာစစ်တပ်က ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးထားတယ်။ အခုဆိုရင် စစ်တပ်က ပိုပြီး ရက်စက်လာ နိုင်တယ်။

RSO နဲ့ ARSA အဖွဲ့တွေမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ မောင်တော မြို့နဲ့ အရမ်းနီးတဲ့ နေရာတွေမှာ စခန်းတွေ ရှိနေတယ်။ ဒါကြောင့် AA အနေနဲ့ စစ်မျက်နှာနှစ်ဖက် ဖွင့်ပြီး တိုက်ရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်တယ်။)

#ဖြေ – ကျွန်တော်တို့ အတွက် ဘာမှ အကျိုးမရှိတဲ့ အဲဒီလို အခြေအနေမျိုး မဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ အဲဒါက ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက်လည်း အကျိုးမရှိပါဘူး။

#မေး – ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးကိုလည်း ချက်ချင်း ပြန်စစေချင်တာလား။

#ဖြေ – ဟုတ်ပါတယ်။ နယ်စပ်နှစ်ဘက်စလုံးမှာ ကုန်သွယ်ရေး ပြန်စဖို့ စောင့်နေကြတဲ့ ကုန်သည်တွေ၊ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေများတဲ့ နိုင်ငံဖြစ်သလို နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရတဲ့ တံငါသည်တွေ အပါအဝင် လူမှုအသိုက်အဝန်း အများကြီး ရှိတယ်။

မြေပြင်က အရှိတရားကို လက်ခံလိုက်ပြီဆိုတာနဲ့ ဒီပြဿနာ တွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်မှာပါ။ အဲဒီလို ဖြစ်လာရင် ကျွန်တော်တို့ ဘက်ကလည်း ကောင်းမွန်စွာ တုံ့ပြန်သွားမှာပါ။ တံငါသည်တွေကို ခွင့်ပြုပေးမှာဖြစ်သလို သူတို့ရဲ့ လုပ်ငန်းတွေကိုလည်း စနစ်တကျ ထိန်းညှိပေးသွားမှာပါ။

#မေး – ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်း (Humanitarian corridor) အကြောင်း ဘာပြောချင်လဲ၊ အမေရိကန်က တကယ်ပဲ ပါဝင်ပတ်သက်ဖို့ စိတ်ဝင်စားခဲ့တာလား။

#ဖြေ အမေရိကန်က တကယ်စိတ်ဝင်စားခဲ့တယ်လို့ ကျွန်တော် မထင်ဘူး။ NGO တွေနဲ့ တချို့ပုဂ္ဂိုလ်တွေ၊ ပြီးတော့ တခြားသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း တချို့ပဲ စိတ်ဝင်စားခဲ့ကြတာပါ။

မီဒီယာတွေမှာတော့ ဒီစီမံကိန်းအကြောင်း အရမ်းဟိုးလေးတကျော် ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ ဒါက လက်တွေ့မကျဘူး၊ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာ စစ်ဖြစ်နေတာလေ။ ဒုက္ခသည်တွေကို စစ်တလင်းထဲကို တွန်းပို့တာဟာ လူသားမဆန်ပါဘူး။ စစ်ပွဲတွေ ပြီးသွားတဲ့နောက်မှာတောင် ဒုက္ခသည်တွေ ပြန်လာဖို့အတွက် ဘေးကင်းပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင် တခု ရှိနေဖို့ လိုပါသေးတယ်။

#မေး – ပါကစ္စတန်နဲ့ တူရကီနိုင်ငံတွေက ဘာဖြစ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို ကူညီနေကြတာလဲ။

#ဖြေ – ဒါက တော်တော်လေး စိုးရိမ်စရာကောင်းပြီး လက်နက်ကိုင် လှုပ်ရှားမှုတွေ ကို ပိုပြီး ဆိုးရွားစေတဲ့ အချက်တွေထဲက တစ်ခုပါပဲ။ ဒါက ဘင်္ဂလားဒေ့ရှ် ရော ကျွန်တော်တို့အတွက်ပါ မကောင်းဘူး။ BNP အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တခါတလေမှာ မူဝါဒတွေက မှန်နေပေမဲ့ လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ လွဲချော်သွားတာမျိုး ရှိတတ်တယ်။

#မေး – ပါကစ္စတန်က ဒီရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကို အသုံးချပြီး အိန္ဒိယကို ပစ်မှတ်ထားလာနိုင်တယ်လို့ ထင်လား။

#ဖြေ – ဒုက္ခသည်တွေဟာ အလွဲသုံးစား လုပ်ခံရနိုင်တာမို့ ကျွန်တော်တို့ သူတို့ကို စောင့်ကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ အိန္ဒိယနဲ့ တူညီတဲ့ လုံခြုံရေး ဆိုင်ရာ စိုးရိမ်မှုတွေ ရှိတယ်။ ဒေသတွင်းက လက်နက်ကိုင် လှုပ်ရှားမှုတွေ ဟာ ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက် လာနိုင်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ။

#မေး – အိန္ဒိယအစိုးရဆီကနေ ဘာတွေ မျှော်လင့်ထားလဲ။

#ဖြေ – အိန္ဒိယဟာ ဒီဒေသမှာ အရမ်းအရေးပါတဲ့ နိုင်ငံတနိုင်ငံပါ။ အိန္ဒိယ ပိုပြီး ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်တာကို ကျွန်တော်တို့ မြင်ချင်ပါတယ်။ အိန္ဒိယနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်တယ်။ ကုလားတန် စီမံကိန်း အတွက်လည်း ကျွန်တော်တို့ ကူညီဖို့ အသင့်ပါပဲ။

#မေး – စစ်ပွဲကို ရပ်တန့်ဖို့ AA အပေါ် တရုတ်နိုင်ငံရဲ့ ဖိအားတွေ ပြင်းထန် နေတယ်လို့ သိရတယ်၊ အဲဒါကို ဘယ်လို တုံ့ပြန်ခဲ့လဲ။

#ဖြေ – အဲဒါက ဖိအားပေးတာမျိုး မဟုတ်ပါဘူး၊ တရုတ်က မြန်မာနိုင်ငံကို တည်ငြိမ်စေချင်တာပါ။ တချို့ကတော့ ဖိအားလို့ ပြောကြမှာပေါ့။ တရုတ်အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားမှာပါပဲ၊ အဲဒါက နိုင်ငံတိုင်း လုပ်နေကြတာပဲလေ။

=

#မေး – AA ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ၊ ခူမီးနဲ့ ချင်းအဖွဲ့တွေဆီ ကနေ အတင်းအဓမ္မ စစ်သားစုဆောင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ခဏခဏ ထွက်နေတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

#ဖြေ – တချို့လူတွေက လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်သဖွယ် အသုံးချနေကြတာပါ။ ဒီစွပ်စွဲချက်တွေ ဘယ်ကလာလဲဆိုတာ ကြည့်လိုက် ရင် အဖွဲ့အစည်းတချို့၊ အထူးသဖြင့် ပြည်ပရောက် လှုပ်ရှားသူတွေဆီက လာတာကို တွေ့ရလိမ့်မယ်။

သူတို့က ဒီလိုပုံဖော်ပြောဆိုတာတွေကနေ အကျိုးအမြတ် ရနေကြလို့ပါ။ ချင်းလူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ ချင်းလူမျိုးတစ်မျိုးလုံးကို ကိုယ်စားမပြုပါဘူး။ ကျွန်တော်တို့ ချင်းပြည်နယ်က ချင်းလူမျိုး အများစုနဲ့ အရမ်း အဆင်ပြေပါတယ်။ အချင်းချင်း ကူညီကြသလို ရှေ့လျှောက် မွတ်စလင် (ရိုဟင်ဂျာ) လူမှုအသိုက်အဝန်းနဲ့ပါ ပိုကောင်းတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာမှာပါ။

ကျွန်တော်တို့ ယုံကြည်မှုကို တည်ဆောက်နေတာပါ၊ အဲဒါက အချိန်ယူရ တယ်။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် စွပ်စွဲချက်တွေ ရှိခဲ့တာပါ။

အတင်းအဓမ္မ စစ်သားစုဆောင်းတယ် ဆိုတဲ့ ကိစ္စမှာတော့ ရခိုင်ပြည်နယ်ဟာ စစ်ဖြစ်နေတာဖြစ်လို့ အရေးပေါ် အစီအမံတွေ ကတော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ လူသစ်စုဆောင်းတဲ့နေရာမှာ အရမ်း သတိထား ပါတယ်၊ စုဆောင်းခံရသူတိုင်းကို သူတို့ရဲ့ တာဝန်နဲ့ ဝတ္တရား တွေကို သေချာရှင်းပြပါတယ်။

#မေး – AA က မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ မပါဝင်ဘူးလို့ ရှင်းပြခဲ့ဖူးတယ်၊ ဒါပေမဲ့ ကျွန်တော် ရခိုင်မှာ နေခဲ့တဲ့အချိန်အတွင်း သိခဲ့ရတာကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပြည်အလယ်ပိုင်းကနေ မူးယစ်ဆေးတွေ စီးဝင်လာမယ့် အန္တရာယ် ရှိနေတယ်ဆိုတာပါပဲ၊ လွန်ခဲ့တဲ့ သုံးရက်ကပဲ ရခိုင်ပြည်နယ် မောင်တောက လူတစ်ယောက် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်မှာ စိတ်ကြွဆေး အများအပြားနဲ့ အဖမ်းခံခဲ့ရတယ်၊ ဒါဟာ ရခိုင်အတွက် ပေါ်ထွက်လာတဲ့ စိန်ခေါ်မှုတခုလို့ မမြင်ဘူးလား။

#ဖြေ – အဲဒါက ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ။ ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ပြဿနာဟာ စစ်တပ်အုပ်ချုပ်စဉ်ကထက် စာရင် အများကြီး လျော့နည်းသွားပါပြီ။ မြန်မာပြည်အလယ်ပိုင်းက လာတဲ့ လမ်းကြောင်း တော်တော်များများလည်း ပိတ်ထားတာပါ။ စစ်ဆေးရေး ဂိတ်တွေလည်း အများကြီးရှိတယ်။ (မြန်မာနိုင်ငံမှာ) မူးယစ်ဆေးဝါး ထုတ်လုပ်မှုက လုပ်ငန်းကြီး အဆင့်အထိ ရှိနေတာ။ ပြီးခဲ့တဲ့လက အကြီးမားဆုံး မူးယစ်ဆေး ဖမ်းဆီးရမိတာ ရှမ်းပြည်နယ်မှာပါ။ စစ်ကောင်စီ ကတော့ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်တာပေါ့။ တကယ်တော့ အဲဒီစက်ရုံဝင်းကြီးတခုလုံးကို သူတို့ သိမ်းဆည်းလိုက်တာ၊ သူတို့ အဲဒီစက်ရုံရှိတာကို သိနေတာ ကြာလှပါပြီ။

ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာ လုံးဝ အမြစ်ပြတ်သွားပြီ လို့တော့ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ စွဲနေတဲ့သူတွေရော၊ ရောင်းတဲ့ သူတွေရော ရှိနေတုန်းပဲ။ ငါးဖမ်းလှေတွေကလည်း အတက်အဆင်း လုပ်နေကြတာဆိုတော့ သူတို့ ဘာတွေ သယ်နေလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇားနဲ့ စစ်တကောင်းကို သွားနေတဲ့ သင်္ဘောတွေလည်း ရှိသေးတယ်။ ဒီပြဿနာကို အမြစ်ပြတ်ဖို့ အချိန်ယူရဦးမှာပါ။

#မေး – ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်က ကျေးရွာတချို့ကို သွားခဲ့ပြီး ရွာသားတွေနဲ့ စကားပြောခဲ့တယ်၊ ရိုဟင်ဂျာမဟုတ်တဲ့ ရွာတွေနဲ့ ရိုဟင်ဂျာရွာတချို့ဟာ ARSA ကို အမြဲတမ်း ကြောက်နေရတယ်၊ ခင်ဗျားတို့ အစိုးရက အဲဒီ နေရာတွေမှာ ခြေကုပ်မယူနိုင်သေးဘူး ထင်တယ်၊ အဲဒီဒေသတွေအတွက် ဘာအစီအစဉ်ရှိလဲ။

#ဖြေ – ဒါက မလွယ်ဘူး။ ကျွန်တော်တို့က အဲဒီဒေသက ဝေးလံခေါင်သီတဲ့ ရွာတွေ၊ အထူးသဖြင့် မြိုလူမျိုးတွေ နေထိုင်တဲ့ရွာတွေကို အကူအညီတွေ ပေးနေပါတယ်။

သူတို့ထဲက တချို့က မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်နေကြတယ်။ သူတို့ထဲက တချို့ဟာ ARSA နဲ့ လက်တွဲနေတယ်ဆိုတဲ့ သတင်းတွေလည်း ရထားတယ်။ အချင်းချင်း တိုက်ခိုက်ရင်း သေဆုံးကုန်ကြတာတွေလည်း အများကြီးပဲ၊ အဲဒါကတော့ မဆန်းပါဘူး။

မောင်တောကို မသိမ်းနိုင်ခင်တုန်းက စစ်တပ်နဲ့ ဒီးလ်မိုဟာမက်လို မူးယစ် ဘုရင်တွေက အဲဒီမှာ မူးယစ်ဆေးဝါးလုပ်ငန်းတွေ အရမ်းလုပ်ခဲ့ကြတာ။ အခုတော့ အဲဒီဒေသက ပြည်သူတွေ လုံခြုံမှုရှိအောင် ကျွန်တော်တို့ အာရုံစိုက် ဆောင်ရွက်နေပါတယ်။

#မေး – ဆရာဝန်နဲ့ ဆေးဝါး မလုံလောက်မှုတွေလည်း အများကြီး ရှိနေတယ်၊ နေရပ်စွန့်ခွာရသူ IDP တွေရဲ့ အခြေအနေကလည်း စိတ်မကောင်း စရာပါပဲ။

#ဖြေ – ကျွန်တော်တို့ ဒါတွေကို ဖြေရှင်းနေပါတယ်၊ ကျန်းမာရေးဝန်ဆောင်မှုနဲ့ တခြားဝန်ဆောင်မှုတွေ ပိုကောင်းလာအောင် ကြိုးစားနေတယ်။ ပစ္စည်း ကိရိယာတွေ ပိုရအောင်၊ ဆေးဝါးတွေ အဆက်မပြတ် စီးဆင်းနိုင်အောင်နဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ပိုပြီး ခန့်အပ်နိုင်အောင် လုပ်ဆောင် နေပါတယ်။

ရခိုင်ပြည်နယ်မှာ ဆေးကောလိပ်နဲ့ သူနာပြုသင်တန်းကျောင်း ဖွင့်ဖို့လည်း ဆုံးဖြတ်ထားပြီးပြီ၊ ဒါကို ကျွန်တော်တို့ အရမ်း စိတ်လှုပ်ရှားနေပါတယ်။

ဒီနှစ်ထဲမှာ သူနာပြု ၁၂၀ လောက် သင်တန်းပေးဖို့ စီစဉ်ထားတယ်။ အခု ကျွန်တော်တို့ဆီမှာ ဆရာဝန် ၅၀၊ ၆၀ လောက်ရှိပြီး မကြာခင်မှာ နောက်ထပ် ရောက်လာဖို့လည်း မျှော်လင့်ထားတယ်။ ဆရာဝန်၊ သူနာပြုတွေ ရဲ့ နောက်ခံနဲ့ လူမျိုးစုကို ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။

အိန္ဒိယဆရာဝန်တွေ အပါအဝင် ဘယ်သူမဆို ကျွန်တော်တို့နဲ့ ပူးပေါင်း ချင်တယ် ဆိုရင် ကြိုဆိုပါတယ်။

#မေး – ရှေ့လာမယ့် လတွေအတွင်းမှာ နွေဦးတော်လှန်ရေးအပေါ် ဘာတွေ မျှော်လင့်ထားလဲ။

#ဖြေ – AA တစ်ဖွဲ့တည်းရဲ့ မျှော်လင့်ချက်နဲ့တော့ နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို ဆုံးဖြတ်လို့ မရပါဘူး။ ဗမာပြည်အလယ်ပိုင်းက ပြည်သူတွေ၊ သူတို့ရဲ့ ပြဿနာတွေနဲ့ ဒေသတွင်း အခြေအနေတွေ အပါအဝင် အခြားသော အချက်တွေကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။ သူတို့ရဲ့ အခြေအနေတွေကို ကျွန်တော်တို့ အပြည့်အဝ လေးစားပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို စိတ်တူကိုယ်တူ အဖွဲ့အစည်းတွေကိုလည်း ကူညီပေးခဲ့ပါတယ်။

#မေး – နောက်ထပ် နှစ်နှစ်အတွင်းမှာ ရခိုင်ရဲ့ အခြေအနေကို ဘယ်လို မြင်လဲ။

#ဖြေ – ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားတာကို မြင်ချင်သလို ဖြစ်နိုင်ခြေရှိပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တစ်ခုကို ရှာဖွေသွားချင် ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ အဆိုးဆုံး အခြေအနေတွေအတွက် ကြိုတင် ပြင်ဆင် ထားရ ပါလိမ့်မယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version