ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ဒီသီတင်းပတ်ကုန်က စလို့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခဲ့တာကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံးခဲ့ပြီး၊ ပျောက်ဆုံး နေဆဲ ၉ ဦးကို ဆက်လက်ရှာဖွေနေကြောင်း နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြထားပါတယ်။
ရေကြီးမှုကြောင့် အိမ်ခြေ ၅၂၀၀၀ ကျော် ရေမြုပ်ခဲ့ပြီး အိမ်ထောင်စု နဲ့ စီးပွားရေး လုပ်ငန်းပေါင်း ၅ သိန်းလောက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ ပါတယ်။
ရေဘေးသင့် ဒေသတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း ဖေါ်ပြထားပါတယ်။
မကြာသေးမီ လတွေ အတွင်း ဗီယက်နမ်မှာ ပြင်းထန်တဲ့ ရာသီဥတုကို ကြုံတွေ့ခဲ့ရပြီး Kalmaegi နဲ့ Bualoi တိုင်ဖုန်း မုန်တိုင်း နှစ်ခု ကြောင့် ရက်သတ္တပတ် အနည်းငယ် အတွင်း အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီး ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဗီယက်နမ် အစိုးရရဲ့ ခန့်မှန်းချက်တွေအရ ဒီနှစ် ဇန်နဝါရီလ ကနေ အောက်တိုဘာလ အထိ ဗီယက်နမ်မှာ သဘာဝဘေးအန္တရာယ်များကြောင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ တန်ဖိုး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖေါ်ပြထား ပါတယ်။
—————————
THN Public Media
