THN Public Media Blog သတင်း မြန်မာကလေး ၉ဝဝ နီးပါး သင်ကြားနေတဲ့ ထိုင်းနိုင်ငံ စမွတ်စခန် စာသင်ကျောင်း က ဆရာ ၂၇ ဦး ကို အဖွဲ့စုံက ဖမ်းဆီး
သတင်း

မြန်မာကလေး ၉ဝဝ နီးပါး သင်ကြားနေတဲ့ ထိုင်းနိုင်ငံ စမွတ်စခန် စာသင်ကျောင်း က ဆရာ ၂၇ ဦး ကို အဖွဲ့စုံက ဖမ်းဆီး

အောက်တိုဘာ ၁ဝ – ၂၀၂၅

ထိုင်းနိုင်ငံ ၊ စမွတ်စခွန်ပြည်နယ် ၊ ကရထုန်ဘဲန်မြို့နယ် ထာမိုင်း ရပ်ကွက် မှာ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ် ၉ဝဝ နီးပါး တက်ရောက်နေတဲ့ စာသင်ကျောင်းကို အောက်တိုဘာလ ၉ ရက်နေ့က အဖွဲ့စုံကနေ ဝင်ရောက် စစ်ဆေးခဲ့ပြီး ဆရာ ၂၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း မတိချွန် သတင်းစာမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။

ဒီကျောင်းနေရာဟာ အရင်က ကျောင်းဖွင့်ခွင့် လိုင်စင် ရုပ်သိမ်းခံထား ရတဲ့ နေရာဖြစ်ပြီး ဒေသခံတွေ တိုင်ကြားခဲ့လို့ ထပ်မံ စစ်ဆေးခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။

အဖွဲ့စုံက မနေ့က သွားရောက်စစ်ဆေးရာမှာ ကျောင်းသား ကျောင်းသူ ၉ဝဝ ကျော်နဲ့ စာသင်ကြားပေးနေတဲ့ ကျောင်းဆရာ ဆရာမ (၂၇)ဦး ကို တွေ့ရှိခဲ့ကြောင်း စမွတ်စာခွန်ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဒုတိယ ရဲမှူးကြီး Khetrat Chansin ကပြောပါတယ်။

ထာမိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း ဒီနေရာဟာ ဌာနေ တိုင်းရင်းသား လူနည်းစုတွေ အတွက် လူငယ်စခန်း အဖြစ် လုပ်ကိုင် ဆောင်ရွက်ဖို့ မြေပိုင်ရှင်ထံကနေ ငှားရမ်းထားကြောင်း ၊ စာသင်ကျောင်း အနေနဲ့ အသုံးပြုရန် ခွင့်ပြုချက် တောင်းခံထားခြင်း မရှိကြောင်း ပြောကြားပါတယ်။

ကျောင်းအဖြစ် အသုံးပြုထားတဲ့ အဆောက်အအုံဟာ ဘေးန္တရာယ် ကင်းရေး အကဲဖြတ်မှု စစ်ဆေးမှု အောင်မြင်ထားပြီး ဖြစ်ပေမယ့် ခရိုင်ပညာရေးမှူးရုံးထံ ကနေ ခွင့်ပြုချက် မရရှိသေးကြောင်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းကလေးတွေကို ပညာသင်ကြားရေး နဲ့ ပြုစု စောင့်ရှောက် ပေးသူ ၂၇ ဦးဟာ အလုပ်သမား အဖြစ် လုပ်ကိုယ်ရမယ့် အလုပ်ပါမစ်တွေဟာ ကိုင်ဆောင်ထားတာ ဖြစ်တယ်လို့ ဒုတိယ ရဲမှူးကြီး Khetrat Chansin က ပြောပါတယ်။

အလုပ်ပါမစ် အမျိုးအစား နဲ့ မကိုက်ညီတဲ့ အလုပ်လုပ်တာ ဖြစ်လို့ ဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရားမဝင် ဖွင့်ထားတဲ့ စာသင်ကျောင်းနဲ့ ပတ်သက်ပြီး ပိုင်ရှင်တွေ၊ ဆရာ ဆရာမတွေနဲ့ ပါဝင်ပတ်သက်သူတွေ အားလုံးကို စုံစမ်းစစ်ဆေးပြီး တရား ဥပဒေအရ အရေးယူဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ထိုင်းသတင်း မှာ ဖေါ်ပြထားပါတယ်။

Photo – matichon

Crd – Migrant Times

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version