THN Public Media Blog သတင်း နိုင်ငံရေး မြန်မာဘက်က အပြုသဘောဆောင်တဲ့ အရိပ်အယောင်တွေ ပြလာ တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော
နိုင်ငံရေး

မြန်မာဘက်က အပြုသဘောဆောင်တဲ့ အရိပ်အယောင်တွေ ပြလာ တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ပြော

မေလ ၂၀ – ၂၀၂၆

မနေ့ အင်္ဂါနေ့တုန်းက နေပြည်တော်ကို နေ့ချင်းပြန် သွားရောက် ဆွေးနွေး ခဲ့တဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က နေပြည်တော် ဘက်က အခုအချိန်မှာ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့အစည်း တွေနဲ့ ငြိမ်းချမ်းတဲ့ နည်းနဲ့ အဖြေရှာဖို့ ပိုပြီးတော့ ပွင့်ပွင့် လင်းလင်း ရှိလာတာကို တွေ့ရ တယ်လို့ ပြောကြား လိုက်ပါတယ်။

မနေ့က နေပြည်တော်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ တွေ့ဆုံခဲ့စဉ် အတွင်း သိသိသာသာ သတိထားမိခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီမတိုင်ခင် အာဆီယံနဲ့ အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး နောက်မှာ မြန်မာအာဏာပိုင် တွေရဲ့ ချဉ်းကပ်ပုံမှာ အပြုသဘော ဆောင်တဲ့ တိုးတက်မှုကို မလေးရှား အနေနဲ့ မြင်တွေ့ခဲ့ရပြီ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေကို ကြည့်ရင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ရာထူးအသစ် ဖြစ်နေပေမဲ့ သူတို့ဘက်က ပိုပြီးတော့ သက်တောင့် သက်သာ ရှိနေပုံ ရတာကို သတိပြုမိပါတယ်” လို့လည်း ဝန်ကြီး မိုဟာမက် က ပြောပါတယ်။

“သူတို့ဘက်က ဆွေးနွေးဖို့ အဆင်သင့် ရှိနေကြောင်း ပြသခဲ့သလို၊ အဖွဲ့အစည်း အားလုံး တပြိုင်တည်း အတူတူထိုင် ဆွေးနွေးကြဖို့ကိုလည်း အဆင်သင့် ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါဟာ ကျွန်တော့် အတွက်တော့ တိုးတက်မှု အသစ်တခုဖြစ်ပြီး တကယ် ဖြစ်လာမယ် ဆိုရင် အပြုသဘော ဆောင်တဲ့ အလှည့်အပြောင်း တခု ဖြစ်ပါတယ်” လို့ သူက ဖြည့်စွက် ပြောပါတယ်။

မိုဟာမက် ဟာ အင်္ဂါနေ့တုန်းက ဆူဘန်းမြို့ မလေးရှား ဘုရင့်လေတပ် RMAF စခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက် ဟာဆန် ဟာ မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ သီးသန့် အစည်းအဝေး အပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို သွားရောက် သုံးသပ်ဖို့ အတွက် မနေ့ အင်္ဂါနေ့ မနက်အစောပိုင်းမှာပဲ နေပြည်တော်ကို ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ အဆိုအရ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေဟာ မြန်မာနိုင်ငံ အတွက် ချဉ်းကပ်ပုံ နည်းလမ်း အသစ်တခုကို အာဆီယံကနေ ဖော်ထုတ် နိုင်ဖို့ အတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ တာဝန်ပေးအပ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။

“အာဆီယံအနေနဲ့ မြန်မာနိုင်ငံ အတွက် ချဉ်းကပ်ပုံနည်းလမ်း အသစ်တခု ကို ဖော်ထုတ်နိုင်ဖို့ နိုင်ငံခြားရေး ဝန်ကြီးတွေကို မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဖို့ တာဝန်ပေးထားတာပါ” လို့ သူက ဆိုပါတယ်။

“ဒါကြောင့် ကျွန်တော့်ရဲ့ ဒီခရီးစဉ်တိုလေးနဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ အပေါ် အခြေခံပြီး အစိုးရအဖွဲ့ ဆီ တင်ပြဖို့ အစီရင်ခံစာ တခု ပြင်ဆင်သွားမှာ ဖြစ်ပြီး၊ အဲဒီကမှ တဆင့် မူဝါဒတွေ ချမှတ် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တခြား အာဆီယံ နိုင်ငံခြားရေးဝန်ကြီး တွေနဲ့လည်း အွန်လိုင်းကနေ တဆင့် ဗီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲတခု လုပ်သွားဦးမှာပါ” လို့ သူက ပြောပါတယ်။

မလေးရှားနိုင်ငံ အနေနဲ့ မြန်မာ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ အားလုံး တနေရာတည်းမှာ အတူတူ ဆုံစည်းနိုင်ရေး ကူညီပေးဖို့ အဆင်သင့် ရှိနေကြောင်း ပြောကြားခဲ့ ပေမဲ့ နေပြည်တော် အစိုးရ အပေါ် ဖိအားပေး သလိုမျိုး မဖြစ်စေရအောင် အလွန်သတိထားပြီး ကိုင်တွယ် ရမယ် လို့ မိုဟာမက် က အလေးအနက် ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ သတိကြီးကြီးထားပြီး လုပ်ဆောင်နေပါတယ်။ မလေးရှား က သူတို့ကို ဖိအားပေးနေတယ်လို့ အမြင်မျိုး မခံချင်ပါဘူး။ ဒါကြောင့် သူတို့ဘက်က ဘာအဆိုပြုချက်တွေ ရှိလဲ ဆိုတာကိုပဲ ကျွန်တော် မေးမြန်းခဲ့ ပါတယ်” လို့ ဆိုပါတယ်။

“သူတို့ စိတ်ထဲမှာ ဘာရှိလဲ၊ ရှေ့ဆက်ပြီး ဘယ်လိုသွားချင်လဲ ဆိုတာကိုပဲ ကျွန်တော်တို့ သိချင်တာပါ၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတခု မစွမ်းမဆောင်နိုင် ဖြစ်သွားတာမျိုးကို မလိုလားလို့ပါပဲ။ အဲလိုဖြစ်ရင် အာဆီယံဟာ အဖွဲ့ဝင်တွေရဲ့ ကောင်းကျိုးကို အလေးထားတဲ့ အဖွဲ့အစည်း တခုအဖြစ် ကမ္ဘာ့အလယ်မှာ မြင်တွေ့ရတော့မှာ မဟုတ် လို့ပါ” လို့ သူက ပြောပါတယ်။

မိုဟာမက် က ဒီတွေ့ဆုံပွဲ အခွင့်အရေးကို အသုံးချပြီး မြန်မာနိုင်ငံ အနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် နဲ့အညီ မိမိပြည်သူတွေ အပေါ် အကြမ်းဖက်မှု တွေနဲ့ တိုက်ခိုက်မှုတွေ ကို ရပ်တန့်ဖို့ အပါအဝင် လမ်းကြောင်းသစ် တခုဆီ ဦးတည် သွားတာကို မြင်တွေ့ချင်တယ် ဆိုတဲ့ မလေးရှားနဲ့ အာဆီယံရဲ့ မျှော်လင့်ချက်ကိုလည်း အသိပေး ပြောကြားခဲ့ ပါတယ်။

ဒါ့အပြင် နေပြည်တော်က ဖိတ်ခေါ်ထားတဲ့ လာမယ့် ဇူလိုင်လ ၃၀ ရက်နေ့ အထိ တွေဆုံဆွေးနွေးဖို့ ကိစ္စ အပေါ်လည်း မစ္စတာ ဟာဆန် က အနည်းဆုံး နောက်ထပ် ၆ လ လောက်ဖြစ်ဖြစ် ထပ်တိုးပေးဖို့ ဒါမှမဟုတ် သတ်မှတ်ရက် မရှိဘဲ ဆက်ပြီး တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားဖို့ တောင်းဆိုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ref; BERNAMA

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version