THN Public Media Blog သတင်း နိုင်ငံတကာ ထရမ့် ပြန်သွားပြီး ရက်ပိုင်းမှာ ပူတင်ကို လက်ခံတွေ့ဆုံပြီး ပုံရိပ်တက် ကျေနပ်နေတဲ့ ရှီကျင့်ဖျင်
နိုင်ငံတကာ နိုင်ငံရေး

ထရမ့် ပြန်သွားပြီး ရက်ပိုင်းမှာ ပူတင်ကို လက်ခံတွေ့ဆုံပြီး ပုံရိပ်တက် ကျေနပ်နေတဲ့ ရှီကျင့်ဖျင်

မေလ ၂၀ – ၂၀၂၆

ပြည်သူ့ခန်းမဆောင်ကြီး Great Hall အပြင်ဘက်မှာ ဗလာဒီမီယာ ပူတင် ကို ကြိုဆိုပုံဟာ ပြီးခဲ့တဲ့ အပတ်က ဒေါ်နယ်ထရမ့်ကို ကြိုဆိုခဲ့တဲ့ ပုံစံနဲ့ တထပ် တည်း နီးပါး တူနေပါတယ်။

ရက်ပိုင်းပဲခြားပြီး အရေးကြီးတဲ့ သမ္မတနှစ်ဦးရဲ့ ခရီးစဉ်တွေ ဆက်တိုက် ပေါ်ပေါက် လာတာဟာ သမ္မတ ရှီကျင့်ဖျင် ကမ္ဘာကြီးကို ပြသချင်တဲ့ သူ့ရဲ့ ပုံရိပ် အတိအကျပါပဲ၊ အဲဒါကတော့ သူဟာ လူတိုင်းနဲ့ စကားပြောနိုင်ပြီး ဘယ်သူ့ အောက်မှာမှ ရှိမနေဘူး ဆိုတာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အတွက်တော့ ဒီခရီးစဉ်တွေဟာ သူတို့ရဲ့ ကြီးမားတဲ့ စီးပွားရေး နဲ့ အသစ် ရရှိထားတဲ့ သံတမန်ရေးရာ ဩဇာအာဏာကြောင့် လမ်းများအားလုံးဟာ ပေကျင်းမြို့ဆီကိုပဲ ဦးတည် နေတယ်ဆိုတဲ့ သက်သေ တခု ဖြစ်ပါတယ်။

လန်ဒန် Kings College က နိုင်ငံတကာ ဆက်ဆံရေး၊ စစ်မဟာဗျူဟာနဲ့ ပထဝီနိုင်ငံရေး ဆိုင်ရာ ဝါရင့် သုတေသီ တဦး ဖြစ်တဲ့ Samir Puri က “ကမ္ဘာ့ရေးရာ ခေတ်သစ်ဟာ အနောက်အုပ်စု အပေါ် ဗဟိုပြုတာ နည်းသွားပါပြီ” လို့ ပြောပါတယ်။

“တရုတ်နိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မမြင်ရတဲ့ စွမ်းအားတွေ အများကြီး ရှိနေပါတယ်၊ ပဋိပက္ခတွေကို ဖြေရှင်းဖို့ အဲဒီ စွမ်းအားကို တိုက်ရိုက် ပုံစံနဲ့ သုံးနေတာမျိုး မဟုတ်ဘဲ၊ သူ့ရဲ့ ဂုဏ်ဒြပ်ကို တဖြည်းဖြည်းချင်း အသုံးချ သွားမယ့် စတိုင်မျိုး ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

မြင်တွေ့ရတဲ့ ပုံရိပ်တွေ ကတော့ အတော်လေး ဆင်တူပါတယ် — ဧည့်သည်တော်ကို ဧည့်ခံရင်း လူထုကြားမှာ ယုံကြည်မှု အပြည့် ရှိနေတဲ့ ရှီကျင့်ဖျင် ရဲ့ ပုံစံပါ။ ဒါပေမဲ့ ဒီခရီးစဉ် နှစ်ခုရဲ့ နောက်ကွယ်က နိုင်ငံရေး တွန်းအားတွေ ကတော့ အလွန်ကို ကွဲပြားပါတယ်။

တရုတ်နိုင်ငံဆီ အကြိမ် ၂၀ ကျော် လာရောက်ဖူးတဲ့ ပူတင်ဟာ ရှီကျင့်ဖျင်နဲ့ ပုဂ္ဂိုလ်ရေး အရ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပုံရပါတယ်။ ဒါပေမဲ့ ယူကရိန်း စစ်ပွဲနဲ့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုတွေကြောင့် သူဟာ ပေကျင်းအပေါ် အလွန်အမင်း မှီခိုနေရပြီး၊ လက်ရှိမှာ တရုတ်ဟာ ရုရှားရဲ့ ထိပ်တန်း ကုန်သွယ်ဘက် နိုင်ငံနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို အများဆုံး ဝယ်ယူနေတဲ့ ဖောက်သည်ကြီး ဖြစ်နေပါတယ်။

ဒီဆက်ဆံရေးဟာ ညီတူညီမျှ မရှိတာ ကြာပြီဖြစ်ပြီး ဒီနေ့မှာတော့ ပိုပြီး ထင်ရှားလာပါတယ်။ ဆွေးနွေးပွဲတွေ အပြီးမှာ ကုန်သွယ်ရေးနဲ့ နည်းပညာ ဆိုင်ရာ သဘောတူညီချက် ၂၀ ကျော် ရရှိခဲ့ပေမဲ့ ပူတင် နှစ်ပေါင်း များစွာ တောင်းဆိုနေတဲ့ ရုရှား သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကိစ္စကတော့ အခုထိ အတည်ပြုချက် မရသေးပါဘူး။ ရှည်လျားလှတဲ့ ပူးတွဲ ကြေညာချက် ထဲမှာလည်း ကြီးမားတဲ့ ထူးခြားမှုမျိုး ပါမလာခဲ့ပါဘူး။

ရှန်ဟိုင်း East China Normal တက္ကသိုလ်က ဒေါက်တာ Zheng Runyu ကတော့ “တရုတ်နဲ့ ရုရှား နှစ်ဘက်စလုံးဟာ တဦးကို တဦး လိုအပ်နေကြတာပါ၊ ဒါပေမဲ့ ကမ္ဘာ့ဇာတ်ခုံမှာ ရုရှားက တရုတ်ကို အရင်ကထက် ပိုပြီး လိုအပ် နေတာ ကတော့ ရှင်းပါတယ်” လို့ ပြောပါတယ်။

“ဒီနေ့ခေတ် နိုင်ငံတကာ အခြေအနေအရ တရုတ်နိုင်ငံနဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်တာဟာ ရုရှားအတွက် လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အတော်များများကို ကိုင်တွယ်ဖို့ အလွန်ကို အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။

တရုတ်ခေါင်းဆောင်ဟာ အမေရိကန်သမ္မတနဲ့ ဆွေးနွေးတဲ့ နေရာမှာလည်း အသာစီး ရထားတဲ့ ပုံရှိပါတယ်။ တခြား ကမ္ဘာ့နိုင်ငံတွေနဲ့ ခိုင်မာတဲ့ ကုန်သွယ်ရေး ဆက်ဆံရေး ရှိနေတာ၊ ပြီးတော့ မြေရှားသတ္တု တွေနဲ့ အဆင့်မြင့် ကုန်ထုတ်လုပ်မှု အပိုင်းမှာ တရုတ်က လွှမ်းမိုး ထားနိုင်တာတွေ က သူ့ကို အသာစီး ရစေခဲ့တာပါ။ ထရမ့်ရဲ့ ခန့်မှန်းရခက်တဲ့ ပုံစံကြောင့် ပေကျင်းဟာ ဝါရှင်တန်နဲ့ တန်းတူ အဆင့်အတန်းမျိုး ဖြစ်လာခဲ့ပါတယ်။

ပြီးတော့ ရှီကျင့်ဖျင် ဆွေးနွေးခဲ့တဲ့ ထရမ့်၊ ပူတင် ခေါင်းဆောင် နှစ်ဦးစလုံး ဟာ ကုန်ကျ စရိတ်များတဲ့ စစ်ပွဲတွေထဲမှာ အချိန်ကြာမြင့်စွာ နစ်မွန်း နေကြသူတွေ ဖြစ်ပါတယ်။ ထရမ့်အတွက်တော့ အရှေ့အလယ်ပိုင်း စစ်ပွဲဟာ ကမ္ဘာ့အဆင့် အကျပ်အတည်း တခု ဖြစ်လာပြီး ပြည်တွင်းမှာ သူ့ရဲ့ ထောက်ခံမှုနှုန်းကို ကျဆင်းသွားစေခဲ့ပါတယ်။ ပူတင်အတွက်လည်း ၅ နှစ်ထဲကို ရောက်လာပြီ ဖြစ်တဲ့ ယူကရိန်း ကျူးကျော်စစ်က ရုရှားကို အထီးကျန် ဖြစ်စေခဲ့ပြီး သူ့ပြည်သူတွေ အပေါ်မှာပါ ပြင်းထန်တဲ့ ထိခိုက်မှု တွေ ရှိစေခဲ့ပါတယ်။

ဒီဖြစ်ရပ်နှစ်ခုလုံး[m အခုအချိန်မှာ တရုတ်နိုင်ငံ အနေနဲ့ ကမ္ဘာ့ဇာတ်ခုံ ပေါ်မှာ သူ ဘယ်လိုမျိုး ပါဝင် ပတ်သက်ချင်လဲ ဆိုတဲ့ အခြေအနေနဲ့ စည်းကမ်းချက် တွေကို သတ်မှတ်နိုင်တဲ့ စွမ်းအား ရှိနေပြီဆိုတာ သိသာ ထင်ရှားလာပုံ ရပါတယ်။

#ရှီကျင့်ဖျင် ရဲ့ တရုတ်အိပ်မက်

————————-

ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သံတမန်ရေး အရ အထီးကျန်ဖြစ်ခါနီး ဖြစ်ခဲ့တဲ့ နိုင်ငံတခုအတွက်တော့ ထူးခြားတဲ့ အလှည့်အပြောင်းတခုပါ။

အဲဒီတုန်းက သမ္မတ ထရမ့်က “တရုတ်ဗိုင်းရပ်စ်” လို့ အမည်တပ်ခဲ့တဲ့ ကပ်ရောဂါကြောင့် တရုတ်နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်ထားခဲ့ရပါတယ်။

တရုတ်သံတမန်တွေနဲ့ နိုင်ငံပိုင် မီဒီယာတွေက အနောက်အုပ်စုရဲ့ ဝေဖန်မှု တွေကို တိတ်ဆိတ်သွားအောင် ကြမ်းတမ်းတဲ့ စကားလုံးတွေ သုံးစွဲခဲ့တဲ့ “ဝံပုလွေစစ်သည်တော်” Wolf warrior သံတမန်ရေးရာ မူဝါဒကြောင့် အနောက် အုပ်စုနဲ့ ဆက်ဆံရေးဟာ အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် ရှင်ကျန်း ဒေသက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ဟောင်ကောင် အပေါ် ပေကျင်းရဲ့ ထိန်းချုပ်မှု မြင့်တက်လာတာ တွေကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပြီး၊ အနောက်အုပ်စု အစိုးရ တွေက တရုတ်ကုန်စည်တွေ အပေါ် ပိတ်ဆို့မှုတွေနဲ့ ပို့ကုန် ထိန်းချုပ်မှုတွေ လုပ်ခဲ့ကြပါတယ်။ တရုတ်ဘက်ကလည်း တုံ့ပြန်မှုတွေ လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ၅ နှစ်အကြာ မှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့သံတမန်ရေးနဲ့ ကုန်သွယ်ရေးရဲ့ မရှိမဖြစ် အရေးပါတဲ့ ဗဟိုချက် တခုအဖြစ် သူ့ကိုယ်သူ ပြန်လည် ပုံဖော်နိုင်ခဲ့ပါတယ်။

ဝိုင်းပယ်ပြီး ထိန်းချုပ်ရမယ့် ပြဿနာတခုလို ဆက်ဆံခံရမယ့်အစား တရုတ်ဟာ လက်တွဲ လုပ်ဆောင်ရမယ့် အင်အားကြီး နိုင်ငံတခု ဖြစ်လာခဲ့ ပါတယ်။

ပေကျင်းဟာ လက်တွေ့ကျတဲ့ အခြေအနေတွေကို သဘောပေါက်လာပုံ ရပြီး သူ့ရဲ့ သံတမန်ရေး စတိုင်ကို လျှော့ချခဲ့ပါတယ်။ စီးပွားရေး နှေးကွေး လာတာကြောင့် တရုတ်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေနဲ့ ကုန်သွယ်မှု တွေ ပိုလိုချင်နေပြီး အဲဒါအတွက် တည်ငြိမ်တဲ့ ဆက်ဆံရေး လိုအပ် ပါတယ်။ ပြီးတော့ အပြင်းအထန် ထိပ်တိုက်တွေ့တာတွေက တောင်ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့လို ဒေသတွင်းက အရေးပါတဲ့ ကုန်သွယ်ဘက်တွေကို ဝါရှင်တန်နဲ့ ပိုပြီး နီးစပ်သွားစေခဲ့လို့ပါပဲ။

ဒါပေမဲ့ အချိန်အခါ ကလည်း အဓိကကျပါတယ်။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် ရွေးကောက်ခံရပြီး ကတည်းက တရုတ်ဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေဖြစ်တဲ့ ဩစတြေးလျ၊ ကနေဒါ၊ ယူကေတို့နဲ့ ဆက်ဆံရေး ကို ပြန်လည် ပြုပြင်ခဲ့ပါတယ်။ ကနေဒါ၊ ယူကေနဲ့ ဂျာမနီတို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံနဲ့ သဘောတူညီချက်တွေ လုပ်ဖို့ ပေကျင်းရဲ့ ကော်ဇောနီပေါ်ကို လျှောက်လှမ်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုလုံးမှာ ရှီကျင့်ဖျင် က သူ့ပြည်သူတွေကို “တရုတ်လူမျိုးများ ရဲ့ ကြီးကျယ်တဲ့ ပြန်လည် ဆန်းသစ်ခြင်း” အတွက် ကြိုးစား မယ်လို့ ကတိပေးခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ အပတ်က အခြေအနေ တွေဟာ ပြည်တွင်း ဝါဒဖြန့်ချိရေး အတွက် အကောင်းဆုံး ပြကွက်တခု ဖြစ်ခဲ့ပါတယ်၊ အဲဒါကတော့ တရုတ်ခေါင်းဆောင်ဟာ လူတိုင်း တွေ့ချင် နေတဲ့သူ တယောက် ဖြစ်လာနေလို့ပါပဲ။

ဒါပေမဲ့ ဒီခရီးစဉ်ဟာ တရုတ်နိုင်ငံရဲ့ သံတမန်ရေး စွမ်းအားရဲ့ ကန့်သတ်ချက် တွေကိုလည်း မီးမောင်းထိုးပြနေပါတယ်။

#သံတမန်ရေးရာ ကြိုးတန်းလမ်းလျှောက်ခြင်း

—————————-

ရှီကျင့်ဖျင် ဟာ စစ်ပွဲတပွဲတည်းကိုပဲ ထည့်သွင်းပြောဆိုခဲ့ပြီး အဲဒါကတော့ အရှေ့အလယ်ပိုင်း ပဋိပက္ခ ဖြစ်ပါတယ်။

သူက ပူတင်ကို အီရန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အလုံးစုံ အဆုံးသတ်ဖို့က “အရေးကြီးဆုံး” ကိစ္စဖြစ်တယ်လို့ ပြောခဲ့ပြီး၊ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အကြောင်းကိုတော့ လုံးဝ ထည့်မပြောခဲ့ပါဘူး။

ရှီကျင့်ဖျင်နဲ့ ပူတင် နှစ်ဦးစလုံးက “တခြားနိုင်ငံတွေအပေါ် မတရား လေကြောင်း ကနေ တိုက်ခိုက်တာတွေ၊ အဲဒီလို တိုက်ခိုက်ဖို့ အတွက် ဆွေးနွေးပွဲ တွေကို ဟန်ပြ အသုံးချတာတွေ၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို လုပ်ကြံတာတွေ၊ အဲဒီနိုင်ငံတွေရဲ့ ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်ပြီး အစိုးရ အပြောင်းအလဲ ဖြစ်အောင် လှုံ့ဆော်တာတွေ၊ ပြီးတော့ နိုင်ငံ ခေါင်းဆောင် တွေကို တရားစီရင်ဖို့ အတွက် ပြောင်ပြောင်တင်းတင်း ပြန်ပေးဆွဲတာ တွေ” ကို ကန့်ကွက်ကြောင်း အတူတူ ပြောဆိုခဲ့ကြပါတယ်။

ဒါဟာ နားထောင်ရတာ အဆင် မပြေလှဘဲ ပြည်သူ့ခန်းမဆောင်ကြီးရဲ့ အပြင်ဘက် အထိပါ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

တရုတ်နိုင်ငံဟာ တခြားနေရာတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အဆုံးသတ် ဖို့ တောင်းဆိုပြီး အမေရိကန်ရဲ့ လုပ်ရပ်တွေကို ပစ်မှတ်ထား နေချိန်မှာပဲ၊ လူပေါင်းသိန်းချီ သေဆုံးခဲ့ရတဲ့ ယူကရိန်းကိစ္စ အပေါ် ရေငုံ နှုတ်ပိတ် နေတာဟာ ပေကျင်းအနေနဲ့ ကမ္ဘာ့အဆင့်မှာ တကယ်ပဲ မျှတတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဖို့ ဘယ်လောက်ထိ ဆန္ဒရှိလဲ၊ ဒါမှမဟုတ် ပါဝင် နိုင်စွမ်း ရှိရဲ့လား ဆိုတာကို ဥရောပ နိုင်ငံတွေကြားမှာ မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။

ပေကျင်းဟာ ယူကရိန်းစစ်ပွဲမှာ ကြားနေ အဖြစ် ပြသဖို့ ကြိုးစားနေပေမဲ့ အမေရိကန်နဲ့ ဥရောပ နှစ်ခုစလုံးက တရုတ်အနေနဲ့ မော်စကို (ရုရှား) ကို ပေးထားတဲ့ စီးပွားရေး အသက်သွေးကြောကို ဖြတ်တောက်ဖို့ တိုက်တွန်း နေကြပါတယ်။

ဒါပေမဲ့ ပူတင်သာ စစ်ပွဲမှာ ရှုံးနိမ့်သွားရင် အဓိက မဟာမိတ်တဦး ဆုံးရှုံး သွားမှာကို တရုတ်က စိုးရိမ်နေပါတယ်။ ပြီးတော့ အခုလို ကြီးမားတဲ့ အိမ်နီးချင်း နိုင်ငံကြီးမှာ မတည်ငြိမ်မှုတွေ ဖြစ်လာမှာကိုလည်း သူက စိုးရိမ်ပါလိမ့်မယ်။

Samir Puri က “ရှင်းပါတယ်၊ ရှီကျင့်ဖျင် အနေနဲ့ အလွယ်လမ်းကို ရွေးပြီး ဒီအကြောင်းကို ဘာမှမပြောဘဲ နေနိုင်ပါတယ်၊ ဒါဟာ သွယ်ဝိုက်တဲ့ သဘောအရတော့ — ရုရှားရေ၊ မင်းတို့ ကျူးကျော်စစ်ကို ဆက်လုပ်ပါ — လို့ ပြောနေသလိုပါပဲ” လို့ ဆိုပါတယ်။

“အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် စစ်ပြီးခေတ် အနာဂတ်က ဘယ်လိုမျိုး ဖြစ်မလဲ ဆိုတာကို ဆွေးနွေးခဲ့တာမျိုး ရှိရင်တော့ ကျွန်တော် အံ့သြမိမှာပါ။ ရုရှားရဲ့ ယူကရိန်း စစ်ပွဲအပေါ် တရုတ်က သူ့ရဲ့ ဩဇာအာဏာကို အသုံးချ ချင် ရဲ့လား ဆိုတာ အခုထိတော့ အတော်လေး ဝေခွဲရ ခက်နေတုန်း ပဲလို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။

အဲဒါနဲ့ ဆန့်ကျင်ဘက် အနေနဲ့ အီရန်စစ်ပွဲကတော့ တရုတ်ရဲ့ အကျိုးစီးပွား တွေကို ထိခိုက်စေပါတယ်။ ပေကျင်းမှာ ရေနံသိုလှောင်မှုတွေ ရှိနေပေမဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အကျပ်အတည်းကတော့ အဆုံး သတ်မယ့် အရိပ်အယောင် မရှိသေးပါဘူး။

စစ်ပွဲတပွဲကိုတော့ အဆုံးသတ်ဖို့ တောင်းဆိုပြီး အခြားတပွဲကိုတော့ ချန်လှပ် ထားတာဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပိုပြီး အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံနဲ့ ရှီကျင့်ဖျင် ရဲ့ ယုံကြည်ရမှု အပေါ် ထိခိုက်စေပါတယ်။ ဒါ့အပြင် တရုတ်အနေနဲ့ သူ့ရဲ့ ပို့ကုန်အပေါ် မှီခိုနေရတဲ့ စီးပွားရေးကို ပြန်လည် မြှင့်တင်ဖို့ ဥရောပနဲ့ ဆက်ဆံရေးကို ခိုင်မာအောင် လုပ်နေရတဲ့ အချိန်မျိုးမှာ ဥရောပနဲ့ ဆက်ဆံရေးကိုလည်း အန္တရာယ်ဖြစ်စေပါတယ်။

ပြီးခဲ့တဲ့ အပတ်က အဆင့်မြင့် သံတမန်ရေးရာ ပြကွက်တွေဟာ ဘယ်လောက်ပဲ လူအများ သဘောကျစရာ ကောင်းနေပါစေ၊ ရှီကျင့်ဖျင် ရဲ့ ရှေ့မှာတော့ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေပါသေးတယ်၊ ဘာလို့လဲ ဆိုတော့ ရှီကျင့်ဖျင် လက်ထက်မှာ ပိုပြီးတော့ အာဏာ ပြင်းလာ တဲ့ တရုတ်နိုင်ငံရဲ့ အာဏာရှင် ခေါင်းဆောင်မှု အပေါ် နိုင်ငံတကာမှာတော့ အငြင်းပွား စရာတွေ ရှိနေဆဲ ဖြစ်သလို လူအတော်များများကလည်း ယုံကြည်မှု မရှိကြသေးလို့ ဖြစ်ပါတယ်။

ref: bbc

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version