THN Public Media Blog သတင်း နိုင်ငံတကာ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အီးယူ သက်တမ်းတိုး
နိုင်ငံတကာ နိုင်ငံရေး

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အီးယူ သက်တမ်းတိုး

ဧပြီ ၂၇ – ၂၀၂၆

EU ဥရောပသမဂ္ဂ ကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှု တွေကို ၂၀၂၇ ခုနှစ် ဧပြီလ အထိ သက်တမ်းတိုးလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီးတော့ EU ရဲ့ ကန့်သတ် ပိတ်ဆို့မှုတွေကို နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ အတွက် ဥရောပ ကောင်စီက ဒီနေ့မှာပဲ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ အထိ ဒီပိတ်ဆို့မှုတွေက သက်တမ်း ရှိနေမှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကိုတော့ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး နှစ်စဉ် ပြန်လည် သုံးသပ်ချက်တွေအပေါ် အခြေခံပြီး ချမှတ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ထိခိုက်စေတဲ့ လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို ထည့်သွင်း စဉ်းစားခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ် ပြန်လည်သုံးသပ်တဲ့ အစီအစဉ် အရ လက်ရှိ အချိန်မှာတော့ EU ရဲ့ ကန့်သတ် ပိတ်ဆို့မှုတွေကို လူပုဂ္ဂိုလ် ၁၀၅ ဦးနဲ့ အဖွဲ့အစည်း ၂၂ ခုအပေါ်မှာ ချမှတ် ထားဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကွယ်လွန် သွားပြီဖြစ်တဲ့ ပုဂ္ဂိုလ်တဦး ကိုတော့ ပိတ်ဆို့မှုစာရင်း ကနေ ပယ်ဖျက်ပေးဖို့ ကောင်စီက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီပိတ်ဆို့မှု စာရင်းထဲမှာ ပါဝင်တဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် ထားမှာ ဖြစ်ပြီး သူတို့ကို ငွေကြေး သို့မဟုတ် စီးပွားရေးအရ အရင်းအမြစ် တွေ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထောက်ပံ့ပေးခြင်းကို တားမြစ် ထားပါတယ်။

ဒါ့အပြင် စာရင်းထဲမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်အားလုံးကို EU ထဲ ဝင်ရောက်ခွင့် မပေးတဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုတွေလည်း ရှိပါတယ်။

တခြားသော EU ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကလည်း ဆက်လက်ရှိနေ မှာပါ။

အဲဒီထဲမှာ လက်နက်နဲ့ စက်ပစ္စည်း ကိရိယာတွေ တင်သွင်းမှုကို ပိတ်ပင်ခြင်း၊ ပြည်တွင်း ဖိနှိပ်မှုတွေ အတွက် အသုံးပြုနိုင်တဲ့ ဆက်သွယ်ရေး စောင့်ကြည့်တဲ့ ကိရိယာတွေ တင်ပို့မှု ပိတ်ပင်ခြင်း၊ စစ်တပ်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့အတွက် အသုံးပြုနိုင်တဲ့ နှစ်မျိုးသုံး ပစ္စည်းတွေကို တင်ပို့မှု ပိတ်ပင်ခြင်း အပြင် မြန်မာ့တပ်မတော်နဲ့ စစ်ရေး လေ့ကျင့်မှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေကို တားမြစ်ခြင်းတွေ ပါဝင် ပါတယ်။

ကန့်သတ်ပိတ်ဆို့မှုတွေ အပြင် EU အနေနဲ့ အစိုးရကို တိုက်ရိုက်ပေးတဲ့ ငွေကြေး အကူအညီတွေကို ရပ်ဆိုင်းထားပြီး စစ်ကောင်စီကို တရားဝင် ဖြစ်စေတယ်လို့ ယူဆနိုင်တဲ့ အကူအညီအားလုံးကိုလည်း ရပ်ဆိုင်းထား ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု နောက်ပိုင်း မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို EU အနေနဲ့ အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းလည်း ထပ်လောင်းပြောကြားထားပါတယ်။

အခြေခံလွတ်လပ်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ထားပြီး ကြောက်ရွံ့မှုတွေ လွှမ်းမိုး နေတဲ့ကြားက ဆက်လက်ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချသလို၊ အကြမ်းဖက်မှု အားလုံးကို ရပ်တန့်ဖို့နဲ့ မတရား ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ရှိသူတွေကို ပစ်မှတ်ထားပြီး နောက်ထပ် ကန့်သတ် ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ဖို့ EU က အသင့်ရှိနေပါတယ်။

ဒါပေမဲ့ ဒီပိတ်ဆို့မှုတွေဟာ မြန်မာပြည်သူတွေကို ထိခိုက်မှုမရှိစေဘဲ ပစ်မှတ်ထားသူတွေကိုသာ အကျိုးသက်ရောက်မှုရှိစေဖို့ကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဥရောပသမဂ္ဂက ဆက်လက်ရပ်တည်နေကြောင်းလည်း ဖေါ်ပြထား ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version