စက်တင်ဘာ ၂၄ – ၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ယူကရိန်းဟာ “သူ့ရဲ့ မူလပုံစံ အတိုင်း ယူကရိန်း တခုလုံးကို အနိုင် ပြန်ရနိုင်တယ်’’ လို့ ပြောကြားလိုက်ပြီး ဒါဟာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲအပေါ် ထရမ့်ရဲ့ ကြီးမားစွာ ပြောင်းလဲသွားတဲ့ ရပ်တည်ချက် အဖြစ် တွေ့မြင်ရပါတယ်။
ထရမ့်က Truth Social ပလက်ဖောင်းမှာ ရေးထားရာ ဥရောပနဲ့ နေတိုး တို့ရဲ့ ထောက်ပံ့မှုနဲ့ အတူ ရုရှားအပေါ်လည်း စီးပွားရေး ဖိအားတွေကြောင့် ယူကရိန်းဟာ “ဒီစစ်ပွဲစတင်ခဲ့တဲ့ မူလ နယ်နိမိတ်တွေကို” ပြန်လည်ရယူနိုင်ကြောင်း ဖေါ်ပြထားပါတယ်။
ထရမ့်ဟာ မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခမှာ မိန့်ခွန်း ပြောကြားပြီးနောက် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်စကီး နဲ့ ဆွေးနွေးမှုအပြီး အခုလို မှတ်ချက် ထွက်ပေါ်လာတာပါ။
ထရမ့်ဟာ စစ်ပွဲကို အဆုံးသတ်လိုကြောင်း အကြိမ်ကြိမ်ဖော်ပြခဲ့သလို၊ အရင်တုန်းကတော့ ယူကရိန်း အနေနဲ့ နယ်မြေတချို့ကို စွန့်လွှတ်ရဖွယ်ရှိကြောင်း သတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဇလန်စကီးက အမြဲတမ်း ပယ်ချခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ထရမ့် ရေးသားထားချက်ဟာ ယူကရိန်း အနေနဲ့ “အဲဒီထက်တောင် ပိုသွားနိုင်တယ်” လို့ ဖေါ်ပြထားပါတယ်။
၂၀၁၄ ခုနှစ်က ရုရှား ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းတို့ရဲ့ ခရိုင်းမီးယား ကျွန်း နဲ့ ပတ်သက်ပြီးလည်း ထရမ့်ဟာ မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ပါ။
ထရမ့်က သူ့ရဲ့ ရပ်တည်ချက်ဟာ “ယူကရိန်း/ရုရှား စစ်ရေးနဲ့ စီးပွားရေး အခြေအနေကို သိရှိ နားလည်ပြီးနောက်” ပြောင်းလဲခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“ပူတင်နဲ့ ရုရှားဟာ စီးပွားရေး ပြဿနာကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရပြီး ဒါဟာ ယူကရိန်း အတွက် လုပ်ဆောင်ဖို့ အချိန်ကောင်းပဲ” လို့ပြောပြီး ရုရှားကိုလည်း “စက္ကူကျား” အဖြစ် တံဆိပ်ကပ် ပြောဆို လိုက်ပါတယ်။
ဇလန်စကီးက ထရမ့်ရဲ့ ရပ်တည်ချက်အပေါ် “ကြီးမားသော ပြောင်းလဲမှု” အဖြစ် ချီးကျူးခဲ့ပြီး ကုလသမဂ္ဂ အဆောက်အအုံမှာ သတင်းထောက်တွေကို ပြောကြားရာမှာ စစ်ပွဲပြီးဆုံးပြီးနောက် အမေရိကန်က ယူကရိန်းကို လုံခြုံရေး အာမခံချက်များ ပေးလိုကြောင်း သူနားလည်တယ်လို့ ဆိုပါတယ်။
ဘယ်လို ဖြစ်လာနိုင်သလဲ လို့ မေးတဲ့အခါမှာ ဇလန်စကီးက “ကျွန်တော်မလိမ်ချင်ဘူး၊ တိကျတဲ့ အသေးစိတ် အချက်အလက်တွေ ကျွန်တော်တို့မှာ မရှိသေးဘူး” လို့ဖြေကြားခဲ့ပြီး အမေရိကန် ကနေ လက်နက်တွေ၊ လေကြောင်း ကာကွယ်ရေးစနစ်တွေနဲ့ ဒရုန်းတွေ ပိုမိုရရှိနိုင်ခြေ ရှိကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာ Fox News နဲ့ ပြောကြားရာမှာ ဇလန်းစကီးက ထရမ့်ရဲ့ Truth Social ပို့စ်ဟာ သူ့ကို အံ့အား သင့်စေခဲ့ပြီး၊ ထရမ့်နဲ့ အမေရိကန်ဟာ “စစ်ပွဲအဆုံးသတ်တဲ့အထိ ကျွန်တော်တို့နဲ့ အတူ ရှိနေမည်” ဟူသော “အပြုသဘောဆောင်သည့် အချက်ပြမှု” အဖြစ် သူယူဆခဲ့တယ်လို့ ဆိုပါတယ်။